Tuesday, January 30, 2018

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး) အသင်းဝင်များ နိုင်ငံပိုင်သတင်းစာတိုက်များ လေ့လာ


နေပြည်တော် ဇန်နဝါရီ ၂၉
ပြည်သူများအကြား သတင်းသမားခရီးသွားအစီအစဉ်အရ မြန်မာနိုင်ငံသတင်းစာဆရာအသင်းကြီး၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး) မှ အသင်းဝင် အင်အား ၅၁ ဦးတို့သည် ယနေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေပုံများနှင့် ဇေယျာသီရိမြို့နယ် ရှိ နိုင်ငံပိုင်သတင်းစာတိုက်များသို့ သွားရောက်လေ့လာ ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်း ဒေသကြီး)မှ ဥက္ကဋ္ဌ ဒါရိုက်တာမောင်ယဉ်ကျော် ဦးဆောင်သော မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင် များသည် နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေပုံများကို အစည်းအဝေးရုပ်သိမ်းချိန်အထိ စိတ်ပါဝင်စားစွာ လေ့လာကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးမှ သတင်းစာဆရာ အသင်းဝင်များသည် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအောက်ရှိ ကြေးမုံသတင်းစာတိုက်၊ မြန်မာ့အလင်းသတင်းစာတိုက်နှင့် နေပြည်တော်သတင်း စာတိုက်များသို့ သွားရောက်လေ့လာခဲ့ကြရာ ကြေးမုံ သတင်းစာတိုက် စာတည်းမှူးချုပ် ဦးခင်မောင်ကျော်ဒင်က မိတ်ဆက်စကားပြောကြားပြီး ဌာနတာဝန်ခံများနှင့် မိတ်ဆက်ပေးသည်။ ထို့နောက် မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်း(ရန်ကုန်တိုင်းဒေသကြီး)မှ ဥက္ကဋ္ဌက အမှာစကားပြောကြား၍ အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။
တွေ့ဆုံပွဲတွင် ဥက္ကဋ္ဌ ဒါရိုက်တာမောင်ယဉ်ကျော်က ''နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ မိသားစုအရင်းအချာ တွေနဲ့ ပြန်တွေ့ရသလို မြန်မာ့အလင်းနဲ့ ကြေးမုံသတင်း စာတိုက်သို့ ရောက်ခဲ့တာကို အတိုင်းမသိ ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါတယ်၊ ဒီသတင်းစာ နှစ်စောင်ဟာ ကျွန်တော် ငယ်စဉ်စာရေးစကတည်းကနေ ယနေ့အထိ လက်တွဲဖော်ဖြစ်တဲ့အတွက် မိသားစုသတင်းစာလို့ ဆိုချင် ပါတယ်''ဟု ပြောသည်။
ထို့နောက် သတင်းထောက်ဦးဌေးကြိုင်က ''နိုင်ငံပိုင် သတင်းစာတွေမှာ စဉ်ဆက်မပြတ်ရေးလာတဲ့ သတင်း ထောက်တစ်ယောက်အနေနဲ့ နိုင်ငံပိုင်သတင်းစာတွေ ရှိရာ နေပြည်တော်ကို ပထမဆုံး လာရောက်ရတာဟာ ကိုယ့်အိမ်ကို ကိုယ်ပြန်ရောက်သလို ခံစားရပါတယ်၊ နိုင်ငံပိုင်သတင်းစာတွေမှာ ပြည်သူ့အကျိုးပြု သတင်း တွေဆက်ရေးသွားပါမယ်''ဟု ပြောသည်။
ဆက်လက်၍ သတင်းထောက် ဦးခင်မောင်သော်က ''ကျွန်တော့်ဘဝကို သတင်းထောက်အဖြစ်နဲ့ပဲ ဖြတ်သန်း မှာပါ၊ ဒီလို ဖြတ်သန်းရာမှာ နိုင်ငံပိုင်သတင်းစာတိုက် တွေဟာ ကျွန်တော့်ကို မွေးထုတ်ပေးခဲ့တဲ့ နေရာပါ၊ အခုမွေးဌာနေကို ရောက်သလို အတိုင်းမသိ ဝမ်းသာမိပါ တယ်၊ နှစ်ပေါင်းများစွာ အဓွန့်ရှည်တဲ့ နိုင်ငံပိုင်သတင်းစာ မှာ သတင်းထောက်အဖြစ် သေတပန်သက်တစ်ဆုံး ရပ်တည်သွားမှာပါ''ဟု ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (ရန်ကုန်တိုင်းဒေသကြီး)မှ သတင်းစာဆရာအသင်းဝင် များသည် မြန်မာ့အလင်းသတင်းစာတိုက် သတင်းခန်း၊ ကြေးမုံသတင်းစာတိုက် CTP ခန်းနှင့် ကြေးမုံသတင်းစာ တိုက် ပုံနှိပ်စက်ခန်းတို့ကို လေ့လာခဲ့ကြသည်။
မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း(ရန်ကုန် တိုင်းဒေသကြီး)မှ သတင်းစာဆရာအသင်းဝင်များ၏ ယခု လေ့လာရေးခရီးစဉ်သည် (၃)ကြိမ်မြောက်ဖြစ်ပြီး ပထမ အကြိမ်အဖြစ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံနှင့် ဒုတိယအကြိမ်အဖြစ် ကမ္ဘောဇသာဒီရွှေနန်းတော် တည်ရှိရာ ပဲခူးတိုင်းဒေသကြီးတို့သို့ သွားရောက်လေ့လာ ခဲ့ကြကြောင်း သိရသည်။
နိုင်လင်းကြည်

No comments:

Post a Comment