Tuesday, January 30, 2018

တောင်ပြိုလက်ဝဲ၊ ငါးခူရ ယာယီလက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြားစခန်းတို့ အသင့်အနေအထား ရှိနေပြီဖြစ်

Image may contain: 1 person, phone
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်သည် ဇန်နဝါရီ ၂၃ ရက်မှစတင်၍ အသင့်အနေအထားအဖြစ် ရှိနေပြီဖြစ်ပြီး မြန်မာဘက်၌ ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ရေလမ်းမှပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ငါးခူရ ယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ကြားစခန်းအဖြစ် လှဖိုးခေါင်စခန်းတို့ကို အသုံးပြု၍ စနစ်တကျ လက်ခံဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့သို့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အချိတ် အဆက်မိစွာ ဆောင်ရွက်နိုင်ရေးအတွက်လည်း စခန်း ကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးများကိုလည်း ဌာနတာဝန်ခံများနှင့် ပြုလုပ်လျက်ရှိရာ ယာယီလက်ခံရေး စခန်းနှင့် ကြားစခန်းတို့တွင် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် တာဝန်ယူဆောင်ရွက်မည့် အခြေအနေများကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်-
ဒုတိယရဲမှူးကြီးစောဇေယျာလင်း(တပ်ဖွဲ့ခွဲမှူး၊ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ)
နှစ်နိုင်ငံဝင်ထွက်ပေါက်ကနေ ပြန်လာမယ့်သူတွေ စတင် ဝင်ရောက်လာမယ့်အချိန်ကနေစပြီး ယာယီ ပို့ဆောင်မယ့်နေရာအထိ မသွားခင်စပ်ကြားမှာ လုံခြုံရေး ဆောင်ရွက်ပေးဖို့ စီမံထားပါတယ်။ လုံခြုံရေးအနေနဲ့ လူပုဂ္ဂိုလ်လုံခြုံရေးနဲ့ နေရာလုံခြုံရေးဆိုပြီး နှစ်မျိုး စီမံဆောင်ရွက်ထားပါတယ်။ လူပုဂ္ဂိုလ်အနေနဲ့ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်မှာ ဆောင်ရွက်ကြမယ့် ဝန်ထမ်းတွေ အားလုံးရဲ့ လုံခြုံရေးနဲ့ ပြန်လည်ဝင်ရောက်လာမယ့် လူတွေရဲ့ လုံခြုံရေးကို ဆောင်ရွက်ဖို့အတွက် စီမံချက် ရေးဆွဲပြီး ဆောင်ရွက်ထားပါတယ်။
ဦးလှမြတ်ဦး(ဌာနစုမှူး- ၂၊ နိုင်ငံခြားရေးဝန်ကြီးဌာန)
တောင်ပြိုလက်ဝဲလက်ခံရေးစခန်းမှာ ကျွန်တော်နဲ့ အတူ ဝန်ထမ်းနှစ်ဦး တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကတာဝန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွေနဲ့ ပြန်လည်လက်ခံရေး ကိစ္စတွေကို သံတမန်လမ်းကြောင်းအရ ဆွေးနွေးတင်ပြစရာ ရှိတဲ့အခါမှာ ကျွန်တော်တို့ဌာနချုပ်နဲ့ ညှိနှိုင်းဆောင်ရွက် ပြီး Liaison officer သဘောမျိုးနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ငါးခူရစခန်းမှာလည်း ကျွန်တော်တို့ဌာနက သုံးဦး ရှိပါတယ်။ ကျွန်တော်တို့ လုပ်ငန်းတာဝန်ထဲမှာ နေရပ်စွန့်ခွာသွားတဲ့သူတွေ ပြန်လည်ဝင်ရောက်လာတဲ့အခါ တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းမှာရှိတဲ့ တာဝန်ရှိသူတွေ နဲ့ တစ်ဖက်နိုင်ငံက တာဝန်ရှိသူတွေအကြားမှာ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နယ်ခြားဆက်ဆံရေး အရာရှိအဖြစ် သံတမန်လမ်းကြောင်းကနေပြီး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဦးရဲထူး(ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း အုပ်ချုပ် ထောက်ပံ့မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ခေါင်းဆောင်)
ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်မှာ ကျွန်တော်တို့ အနေနဲ့ ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန်ရှိပါတယ်၊ အောက်မှာ လုပ်ငန်းအဖွဲ့တွေရှိတယ်၊ ဒီလိုလုပ်ငန်းအဖွဲ့ တွေရဲ့ လုပ်ငန်းစဉ်တွေအကုန်လုံးမှာ လိုအပ်တဲ့ အုပ်ချုပ်မှု ကိစ္စတွေကို ပေါင်းစပ်ပေးဖို့ ဖြစ်ပါတယ်။ အဓိကက ပြန်လည်လက်ခံတဲ့အချိန်မှာ ပြန်လည်ဝင်ရောက်လာတဲ့ သူတွေရဲ့ နေထိုင်ရေးကိစ္စတွေ၊ သယ်ယူပို့ဆောင်ရေးကိစ္စ တွေ၊ စားသောက်ရေးကိစ္စတွေမှာ လိုအပ်တဲ့လုပ်ငန်းအဖွဲ့ တွေနဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ပေးမှာ ဖြစ်ပါ တယ်။
ဒု-ရဲအုပ်ဝေဝေဆန်း
တစ်ဖက်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာမယ့် နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံတဲ့နေရာမှာ ကျွန်မတို့အနေနဲ့ အမျိုးသမီးတွေကို မသင်္ကာစရာ ပစ္စည်း တွေ ပါ၊ မပါ စစ်ဆေးဆောင်ရွက်ပေးတဲ့ အခန်းကဏ္ဍမှာ ဦးဆောင်ပြီး စစ်ဆေးမှာဖြစ်ပါတယ်။ ဒီလိုစစ်ဆေးပြီးရင် ပြန်လည်လက်ခံမယ့်နေရာမှာ လုံခြုံရေးဆောင်ရွက်ပြီး ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ကျွန်မတို့ဘက်ကနေ လိုအပ်သလို စစ်ဆေးရှာဖွေပြီးမှ ပြန်လည်လက်ခံတဲ့ နေရာကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဦးအောင်ဝင်းဦး(ဒုတိယညွှန်ကြားရေးမှူး၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ တောင်ပြိုလက်ဝဲ လက်ခံရေးစခန်း)
နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံမယ်ဆိုရင် တစ်ဖက်နိုင်ငံက ပြန်လည်ဝင်ရောက်လာမယ့်သူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊CID၊ မှုခင်းရဲ၊ သတင်းတပ်ဖွဲ့တွေနဲ့ အားလုံးစိစစ်ပြီးတော့မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ပြီး မှတ်တမ်းတင်ရပါတယ်၊ မှတ်တမ်းတင်တဲ့အခါမှာလည်း မှန်ကန်မှု ရှိ၊ မရှိနဲ့ သက်ဆိုင်ရာအထောက်အထားတွေကို လည်း ကျွန်တော်တို့ရုံးချုပ်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ပြန်လည်ဝင်ရောက်လာသူတွေဟာ ယခင်နေထိုင်သူတွေ ဟုတ်၊ မဟုတ် ပြန်လည်တိုက်ဆိုင် စစ်ဆေးမှာဖြစ်ပါတယ်၊ လုပ်ငန်းစဉ်ကို အခန်း သုံးခန်းနဲ့ လုပ်ရတာဖြစ်ပါတယ်။ တစ်ဖက်မှာ Biometric နဲ့ ဆက်ပြီး စိစစ်မှာဖြစ်ပါတယ်။ ပထမဆုံးအခန်းမှာ မှတ်ပုံတင်ရေးလုပ်ငန်းလုပ်မယ်၊ ဒုတိယအခန်းမှာ Biometric လုပ်မယ်၊ နောက်ဆုံးအခန်း မှာ National Verificationလုပ်မှာ ဖြစ်ပါတယ်။
ဦးသန်းဝင်း(အထက်တန်းသူနာပြု၊ တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်း)
ကျွန်တော်တို့က တောင်ပြိုလက်ဝဲ ယာယီလက်ခံရေး စခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်ဝင်ရောက်လာရင် နေမကောင်းဖြစ်တဲ့သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမှာပါ၊ လိုအပ်ခဲ့ရင် ဆေးရုံကိုပို့ပြီး ဆောင်ရွက်သွားမှာပါ။
ဦးသောင်းရွှေ(ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
ကျွန်တော်တို့အနေနဲ့ မောင်တောဒေသ၊ တောင်ပြို လက်ဝဲယာယီလက်ခံရေးစခန်းမှာ ပြန်လည်ဝင်ရောက် လာမယ့်သူတွေအတွက် ထောက်ပံ့ရေးဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ပြန်လည်ဝင်ရောက်တဲ့ အခါမှာ အမျိုးသား၊ အမျိုးသမီးအလိုက် အသက် ၁၂ နှစ်အထက် အမျိုးသမီးဆိုရင် အမျိုးသမီးဝတ် လုံချည် တစ်ထည်၊ စောင်တစ်ထည်၊ တီရှပ်တစ်ထည်၊ ဆပ်ပြာ တစ်တုံးထောက်ပံ့မယ်၊ အမျိုးသားဆိုရင်လည်း အမျိုးသားဝတ် လုံချည်တစ်ထည်၊ တီရှပ်တစ်ထည်၊ စောင်တစ်ထည်၊ ဆပ်ပြာတစ်တုံး ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးရင် ရောက်ရှိလာတဲ့ ဌာနအသီးသီးရဲ့ လိုအပ်ချက်တွေကို ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်၊ ပြန်လည်ဝင်ရောက်လာမယ့်သူတွေ ကို ကျွေးမွေးနိုင်ရေးအတွက်လည်း စားဖိုဆောင်သုံးပစ္စည်း တွေလည်း အသင့်ရောက်ရှိပြီး ဖြစ်ပါတယ်၊ အခြား အရေးပေါ်ထားမယ့်နေရာ လိုအပ်လာရင်လည်း ယာယီ တဲတွေထိုးနိုင်ဖို့အတွက် ယာယီတဲတွေ အဆင်သင့်အားလုံး ရှိပြီးသားဖြစ်ပါတယ်။ တစ်ဖက်ကဝင်ရောက်လာမယ့် သူတွေကို လူသားချင်းစာနာထောက်ထားပြီး လိုအပ်တာ တွေ အပြည့်အဝ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဦးခိုင်မင်းနိုင်(လက်ထောက်မီးသတ်ဦးစီးမှူး၊ မောင်တော မြို့နယ် မီးသတ်စခန်း)
ဒီတောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းမှာ ကျွန်တော်အပါအဝင် တပ်ဖွဲ့ဝင် လေးဦး၊ ရေဂါလန် ၁၆ဝဝ ဆံ့ မီးသတ်ရေသယ်ယာဉ် တစ်စီးနဲ့ ဆောင်ရွက်မှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ အဓိကလုပ်ဆောင်သွားရမယ့် တာဝန် တွေကတော့ ဒီစခန်းမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ မီးဘေး လုံခြုံရေး၊ နောက်ပြီး တစ်ဖက်နိုင်ငံက ပြန်လည်ဝင်ရောက် လာမယ့်သူတွေရဲ့ မီးဘေးလုံခြုံရေးနဲ့ ရေရရှိရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စခန်းတစ်ခုလုံးရဲ့ မီးဘေးလုံခြုံရေးအတွက် စီမံချက်ရေးဆွဲ ပြီး အသင့်အနေအထားရှိပါတယ်။
ဦးဝင်းခိုင်(ညွှန်ကြားရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ငါးခူရ ယာယီလက်ခံရေးစခန်း)
နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်ဝင်ရောက်လာတဲ့ အချိန်မှာ ကျွန်တော်တို့ဦးစီးဌာနအနေနဲ့ လုံခြုံရေးအပိုင်း စစ်ဆေးပြီးတဲ့အခါမှာ ကျွန်တော်တို့အဖွဲ့ဆီကို ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ဒီလိုရောက်ရှိလာတဲ့အခါမှာ နှစ်နိုင်ငံ သဘောတူညီချက်အရ လက်ခံထားတဲ့ နေရပ်စွန့်ခွာသွား သူတွေရဲ့စာရင်းကို နိုင်ငံခြားရေးကနေတစ်ဆင့် ကျွန်တော်တို့ ဝန်ကြီးဌာနကနေ အတည်ပြုထားတဲ့ လက်ခံရမယ့်စာရင်းနဲ့ ပါလာတဲ့သူတွေ မှန်ကန်မှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးပါမယ်၊ စစ်ဆေးပြီးမှန်ကန်တဲ့အခါမှာ သူတို့ဆီက စာရင်းဇယား အချက်အလက်တွေ ကောက်ယူပြီးတော့ မှတ်တမ်းတင်ပါ မယ်၊ မိသားစုဓာတ်ပုံရိုက်ပါမယ်၊ Biometric အချက် အလက်တွေ ကောက်ယူပါမယ်၊ ဒီလိုကောက်ယူပြီးရင် National Verification process အရ NV card ထုတ်ပေးရေးကို တစ်ခါတည်းဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်၊ ဒီလိုဆောင်ရွက်ပြီး သူတို့ရဲ့ လက်ဝယ်ကို NV card တွေ အပြီးထုတ်ပေးလိုက်မှာ ဖြစ်ပါတယ်၊ ဒီလို ထုတ်ပေး ပြီးရင် သူတို့အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံသား ဖြစ်၊ မဖြစ်ကို စိစစ်ခံယူပြီး မြန်မာနိုင်ငံသားအဖြစ်ကို ရရှိ လိုတယ်ဆိုရင် မြန်မာနိုင်ငံသားဥပဒေအရ လျှောက်ထား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ ဒီလိုအဆင့်တွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ လုပ်ငန်းတွေ ဆောင်ရွက် တဲ့အခါမှာ အခက်အခဲအနေနဲ့ ထူးထူးခြားခြားရှိလိမ့်မယ်လို့ မထင်ပါဘူး၊ ကျွန်တော်တို့ဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေ အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဦးဝင်းဇော်ဌေး(ဒုတိယညွှန်ကြားရေးမှူး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ငါးခူရ ယာယီ လက်ခံရေးစခန်း)
ကျွန်တော်တို့အနေနဲ့ ပြန်လည်ဝင်ရောက်လာမယ့် သူတွေကို အသက် ၁၂ နှစ်အထက် အမျိုးသား၊ အမျိုးသမီး နှစ်ပိုင်းခွဲပြီး ထောက်ပံ့သွားမှာ ဖြစ်ပါတယ်၊ အိမ်ထောင် စုအနေနဲ့ အမျိုးသား ၁ဝဝဝ၊ အမျိုးသမီး ၁ဝဝဝ အတွက် အဆင်သင့်ပြင်ထားပြီးပါပြီ၊ လျှပ်စစ်မီးရရှိရေးအတွက် လည်း ရုံးလုပ်ငန်းတွေ အဆင်ပြေစေဖို့ ထောက်ပံ့ထားပြီး သား ဖြစ်ပါတယ်၊ ရေရှည်ထောက်ပံ့မှုအနေအထားအတွက် လည်း ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး အကောင်းဆုံးဖြစ် အောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်။
ဦးသက်နိုင်(တာဝန်ခံ အင်ဂျင်နီယာ၊ လှဖိုးခေါင် ကြားစခန်း)
ပြန်လည်နေရာချထားရေးစခန်းအနေနဲ့ ကျွန်တော်တို့ CITS က တာဝန်ယူပြီး အကောင်အထည်ဖော် ဆောင်ရွက် နေတာဖြစ်ပါတယ်၊ ကျွန်တော်တို့ ပထမဆုံးအပိုင်း တစ်အနေနဲ့ အကောင်အထည်ဖော်နေတာကတော့ ဒီလကုန်မှာ အလုံး ၄ဝ ပြီးစီးအောင် တည်ဆောက်သွားမှာ ဖြစ်ပြီး ဖေဖော်ဝါရီလလယ်မှာတော့ အလုံး ၁ဝဝ အထိ ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ တည်ဆောက် ရမယ့် အလုံးအရေအတွက်က ၆၂၅ လုံး ဖြစ်ပြီးတော့ လူဦးရေ ၃ဝဝဝဝ ခန့် ခေတ္တရွှေ့ပြောင်းနေနိုင်တဲ့နေရာမျိုးဖြစ်အောင် တည်ဆောက်နေပြီ ဖြစ်ပါတယ်၊ ရေရရှိရေး ကတော့ လောလောဆယ်မှာ အဝီစိတွင်းတူးဖော်ပြီးတော့ ရေရရှိရေး ဆောင်ရွက်နေပြီး မီးရရှိရေးကတော့ EPC အစီအစဉ်နဲ့ မီးလိုင်းတွေ သွယ်တန်းလျက်ရှိပါတယ်၊ လမ်းအနေနဲ့ ကျောက်ချောလမ်းအဆင့်အထိ ခင်းပေး နိုင်ဖို့နဲ့ မိုးရာသီမှာ လမ်းပန်းဆက်သွယ်ရေး လွယ်ကူအောင် စီစဉ်ဆောင်ရွက်နေပါတယ်။
ဦးမျိုးနိုင်သင်း(လက်ထောက်ညွှန်ကြားရေးမှူး၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လှဖိုးခေါင် ကြားစခန်း)
တောင်ပြိုလက်ဝဲနဲ့ ငါးခူရ ယာယီလက်ခံရေးစခန်းမှာ အဆင့်ဆင့်စိစစ်ပြီး လှဖိုးခေါင်ကြားစခန်းကို ရောက်လာတဲ့ သူတွေကို လက်ခံပြီး ကျွန်တော်တို့က ရိက္ခာဝေပေးမှာ ဖြစ်ပါတယ်၊ ထောက်ပံ့မယ့်ပစ္စည်းကတော့ စားသုံးကုန် ပစ္စည်းတွေပေါ့၊ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငရုတ်၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်နဲ့ နောက်ထပ် ထပ်တိုးပစ္စည်းတွေလည်း ပါဝင်မှာပါ၊ ရွက်ဖျင်တဲအနေနဲ့ လက်ရှိ ၅၅ လုံး ထိုးထား ပါတယ်၊ အရန်အနေနဲ့ အလုံး ၂ဝဝ ရှိပါတယ်၊ ရွက်ဖျင်တဲ တစ်လုံးကို ၁ဝ ဦး ဆံ့ပါတယ်။
သတင်း- အောင်ရဲသွင်၊ ကိုမင်း
ဓာတ်ပုံ- အောင်မင်း

No comments:

Post a Comment