Tuesday, January 2, 2018

မောင်တောကုန်သွယ်ရေးဇုန် ပို့ကုန်ပမာဏဒေါ်လာ ၂ သန်းကျော် မြင့်တက်

Image may contain: one or more people, shoes, child and outdoor
မောင်တော ဇန်နဝါရီ ၁
၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် မောင်တော ကုန်သွယ်ရေးစခန်း၏ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၁၁ သန်းအထိ မြင့်တက် ခဲ့ကြောင်း မောင်တောကုန်သွယ်ရေးစခန်း စာရင်းဇယား များအရ သိရသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလကုန် အထိ မောင်တောကုန်သွယ်ရေးစခန်း၏ ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၁၁ သန်းရှိကြောင်း၊ ပြီးခဲ့ သည့် ဘဏ္ဍာနှစ်တစ်ခုလုံး ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာ ၅ ဒသမ ၉၁၈ သန်းထက် ၂ ဒသမ ၃၆၆ သန်း ပိုမိုကြောင်း၊ ဘတ်ဂျက်လကုန်ရန် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့ ကျန်ရှိနေသေးသည့်အတွက် မောင်တော ကုန်သွယ်ရေးစခန်း၏ ပို့ကုန်ပမာဏမှာ သုံးဆနီးပါးအထိ မြင့်တက်လာနိုင်သည့် အနေအထားဖြစ်ကြောင်း သိရသည်။
မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ အဓိကပို့ကုန်များမှာ ဧည့်မထဆန်၊ ချင်း(ဂျင်း)အစို၊ နနွင်း၊ လဲမှို့၊ ကြက်သွန်ဖြူတို့ဖြစ်ပြီး ရေထွက်ပစ္စည်း အနေဖြင့် ငါး၊ ပုစွန်နှင့် ငါးခြောက်တို့လည်း တင်ပို့ကြောင်း၊ သစ်တောထွက်ပစ္စည်းများတွင် ဝါးနှင့် ကြိမ်တို့ကို အဓိက တင်ပို့ကြောင်း မောင်တောကုန်သွယ်ရေးစခန်း စာရင်း ဇယားများတွင် ဖော်ပြထားသည်။
''ဒီအချိန်ကတော့ စပါးပေါ်ချိန်ဆိုတော့ ဆန်တို့၊ ငါးခြောက်တို့ အဓိက တင်ပို့ပါတယ်၊ ဘတ်ဂျက်လက သုံးလကျန်သေးတယ်ဆိုတော့ အရင်နှစ်ကထက် ပိုမှာဖြစ်ပါတယ်''ဟု အဆိုပါ ကုန်သွယ်ရေးစခန်း တာဝန်ခံအရာရှိက ပြောသည်။
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိင်ငံသို့ ပို့ကုန်များ ပုံမှန်တင်ပို့နေသော်လည်း ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီး နောက် သွင်းကုန်တင်သွင်းမှုမှာ ယနေ့အချိန်အထိ ရပ်ဆိုင်းထားကြောင်း သိရသည်။ မောင်တောကုန်သွယ်ရေးစခန်းသည် ဒီရေအတက်အကျကို စောင့်ဆိုင်းပြီး ပြုလုပ်နေရကြောင်း၊ ကုန်တန်ချိန်များသော လှေသင်္ဘောများ ဝင်ရောက်မည့် ကညင်ချောင်းကုန်သွယ်ရေးဇုန်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း- မြင့်မောင်၊ ဇေယျာ၊ ဓာတ်ပုံ- နေဝင်းထွန်း

No comments:

Post a Comment