Thursday, January 4, 2018

နယူးယောက်ရှိ အများပြည်သူစုဝေးရာနေရာများ၌ လုံခြုံရေး အတားအဆီးသစ်များတပ်ဆင်မည်

Image may contain: one or more people and outdoor
နယူးယောက် ဇန်နဝါရီ ၃
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ မော်တော်ယာဉ်ကို အပြင်းမောင်းနှင်၍ အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် အကြမ်းဖက်မှုနှင့် ဆက်နွှယ်သောဖြစ်စဉ်များ ပေါ်ပေါက်ခြင်းတို့မှ တားဆီးကာကွယ်နိုင်ရန် အများပြည်သူစုဝေးရာ နေရာများ၌ လုံခြုံရေးအတားအဆီးသစ် ၁၅ဝဝ တပ်ဆင်သွားရန် စီစဉ်လျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက ဇန်နဝါရီ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။
နယူးယောက်မြို့ရှိ တိုင်းမ်စကွဲယားရင်ပြင်၌ ဇန်နဝါရီ ၂ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြို့တော်ဝန်ဘီလ်ဒီ ဘလာစီယို က လုံခြုံရေးစီမံချက်သစ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာခဲ့သည်။
နယူးယောက်မြို့ရှိ လူသွားလမ်းဧရိယာများအနီး ယာယီချထား ပေးသော ကွန်ကရစ်ဘလောက်တုံး အတားအဆီးများ၏ နေရာတွင် သတ္တုဘလောက်တုံးအတားအဆီးများဖြင့် အစားထိုးသွားမည် ဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။
နယူးယောက်မြို့ရှိ အများပြည်သူစုဝေးရာ နေရာများ လုံခြုံရေး အတွက် အမေရိကန်ဒေါ်လာသန်း ၅ဝ ကျခံသုံးစွဲမည့် အစီအစဉ် တစ်ရပ်၏ တစ်စိတ်တစ်ဒေသအဖြစ် လုံခြုံရေးအတားအဆီးများ တပ်ဆင်သွားမည်ဆို၏။
နယူးယောက်မြို့၌ ဒီဇင်ဘာ ၁၁ ရက်က တိုင်းမ်စကွဲယားရင်ပြင် အနီး လူအများအပြား သွားလာနေချိန်အတွင်း လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လေးဦးဒဏ်ရာရရှိခဲ့ရသည်။ ယင်းဖြစ်စဉ်မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၃၁ ရက်ကလည်း နယူးယောက်ရှိ ကမ္ဘာ့ ကုန်သွယ်ရေးဌာနအနီး လူသွားလမ်းတစ်နေရာတွင် တရကြမ်း မောင်းနှင်လာသော ထရပ်ကားတစ်စီးက သွားလာနေသူများကို ဝင်တိုက်ခဲ့ရာ ရှစ်ဦးသေဆုံးခဲ့ရပြီး လူ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ ရသည်။
မေ ၁၈ ရက်ကလည်း တိုင်းမ်စကွဲယားရင်ပြင် လူသွားလမ်းတွင် ကားတစ်စီးက အရှိန်မြှင့်မောင်းနှင်ကာ တိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment