Tuesday, January 30, 2018

မျှတမှုမရှိသော ကုန်သွယ်ရေးမူဝါဒများအား လက်တုံ့ပြန်ဖွယ်ရှိကြောင်း သမ္မတထရန့်ပြော

Image may contain: sky, outdoor and water
လန်ဒန် ဇန်နဝါရီ ၂၉
အမေရိကန်ပြည်ထောင်စုအား အလွန်အမင်း မမျှတသည့် ကုန်သွယ်ရေးမူဝါဒများ ချမှတ် ကျင့်သုံးနေသည်ဟုဆိုကာ ဥရောပ သမဂ္ဂ (အီးယူ)အား ထိပ်တိုက်ရင်ဆိုင်သွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်း ခြောက်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက ဇန်နဝါရီ ၂၉ ရက်တွင် သတင်း ထုတ်ပြန်သည်။
ကုန်သွယ်ရေး ဥပဒေစည်းမျဉ်းများ အာဏာသက်ဝင်မှုကို ပိုမိုတင်းကျပ်သွားရန် သမ္မတထရန့်က တောင်းဆိုခဲ့ပြီး နေစွမ်းအင် ထုတ်လုပ်ရေး ကိရိယာများ တင်သွင်းမှုအပေါ် ၃ဝ ရာခိုင်နှုန်း အခွန်စည်းကြပ်ရန် ဖော်ပြ သည့် ဥပဒေတစ်ရပ်ကို လွန်ခဲ့သည့် ရက်သတ္တ ပတ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အမေ ရိကန်အစိုးရအဖွဲ့၏ ကိုယ်ကျိုးစီးပွားကာကွယ် ရေး အစီအစဉ်တစ်စိတ်တစ်ဒေသအရ ပထမ ဆုံးအကြိမ် ကုန်သွယ်ရေးကန့်သတ်မှုများကို တစ်ဖက်သတ်ပြုလုပ်ခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြသည်။
မိမိသည် ဥရောပသမဂ္ဂနှင့် ပြဿနာ တက်နေကြောင်း၊ ကုန်သွယ်ရေး ရှုထောင့် အမြင်မှ စဉ်းစားလျှင် အီးယူသည် ပုံပျက် ပန်းပျက် ဖြစ်နေသော အဖွဲ့အစည်းအဖြစ် ရှုမြင်ရဖွယ်ရှိကြောင်း ဗြိတိန်နိုင်ငံမှ ရုပ်မြင် သံကြားဌာနတစ်ခုဖြစ်သော အိုင်တီဗွီ၏ လူတွေ့မေးမြန်းခန်းတွင် သမ္မတ ထရန့်က ပြောကြားသည်။
ဥရောပသမဂ္ဂသည် ၎င်းတို့၏ ထုတ်ကုန် ပစ္စည်းများကို အခွန်မပေးဆောင်ရဘဲ (သို့မဟုတ်) စိုးစဉ်းမျှဖြစ်သော အခွန်အတုတ် ကိုသာ ပေးဆောင်ကာ အမေရိကန်သို့ ထုတ်ကုန်ပစ္စည်းများ တင်ပို့ခွင့်ရရှိနေခြင်းမှာ အလွန့်အလွန်ပင် မျှတမှုကင်းမဲ့ခြင်းဖြစ် ကြောင်း သမ္မတ ထရန့်က လူတွေ့မေးမြန်းခန်း တွင် ပြောကြားခဲ့ပြီး ယင်းလူတွေ့မေးမြန်းခန်း ကို ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
ကုန်သွယ်ရေးအရ မမျှမတဆက်ဆံခံရ မှုမှာ အီးယူတစ်ခုတည်း မဟုတ်ကြောင်း၊ ကုန်သွယ်ရေးအရ မမျှမတဆက်ဆံသော အခြားနိုင်ငံ အများအပြားကို မိမိက အမည်နာမ တပ်၍ထုတ်ဖော်ပြောဆိုနိုင်ကြောင်း၊ အပြန် အလှန်အားဖြင့် ကုန်သွယ်ရေးအရ မမျှမတ ဆက်ဆံသော နိုင်ငံများ ပြန်လည်ပေးဆပ် ရလိမ့်မည်၊ ဆုံးရှုံးနစ်နာမှုများနှင့် ပြန်လည် ကြုံတွေ့ရလိမ့်မည်ဟု မိမိယူဆကြောင်း သမ္မတ ထရန့်က ပြောကြားသည်။
ရိုက်တာ

No comments:

Post a Comment