Tuesday, January 30, 2018

ယခုနှစ် နွေစပါးစိုက်ပျိုးရန် ရေအလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိ

Image may contain: sky, cloud, outdoor, nature and water
နေပြည်တော် ဇန်နဝါရီ ၂၉
နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းဆည်မှ ယခုနှစ်နွေစပါးစိုက်ပျိုးရန်အတွက် ဇန်နဝါရီ ဒုတိယပတ်မှ စတင်ပြီး ရေမြောင်းများမှ အလှည့်ကျရေပေးဝေရေးစနစ်ဖြင့် ရေများအလေအလွင့်မရှိစေရန် လွှတ်ပေးလျက်ရှိကြောင်း သိရသည်။
ရေဆင်းဆည်မှ ရေပေးဝေမှုနှင့် နွေစပါးများ စိုက်ပျိုးလျက်ရှိရာ တောင်သူများ ရေရယူစိုက်ပျိုးရာတွင် အခက်အခဲမရှိစေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူ ဦးအောင်အောင်စိုးနှင့် ဝန်ထမ်းများသည် ဇန်နဝါရီ ၂၅ ရက်က ဆည်မှရေပေးဝေလျက်ရှိသည့် လက်ဝဲမြောင်း၊ လက်ယာမြောင်း မြောင်းဆုံးမြောင်းဖျားနားအထိ သွားရောက်ကွင်းဆင်းကြည့်ရှုပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တောင်သူများအား လက်ရှိနွေစပါးစိုက်ပျိုးရေ ပေးဝေမှုနှင့် ပတ်သက်ပြီး ''ကျွန်တော်တို့အနေနဲ့ အပေါ် ရေလဲ၊ အောက်ရေလဲဆိုပြီး လက်ဝဲမြောင်း၊ လက်ယာ မြောင်းကနေ အလှည့်ကျစနစ်လုပ်ပြီး ရေပေးဝေပါတယ်၊ တောင်သူတွေအနေနဲ့ ကိုယ့်အလှည့်ရောက်ချိန်မှာ ရေအရယူဖို့လိုမယ်၊ ကိုယ့်အလှည့်မှာ မယူဖြစ်ဘူးဆိုရင် အဆင်မပြေနိုင်ဘူး၊ ဒါကြောင့် တောင်သူတွေ ကိုယ်ယူရမယ့် အလှည့်သိအောင် ကျွန်တော်တို့က စခန်းတွေမှာ ဆိုင်းဘုတ် တွေလုပ်ပြီး ထောင်ပေးထားတာရှိသလို ကျေးရွာတွေမှာပါ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးထားတာလည်း ရှိပါ တယ်၊ အဲဒါတွေကိုကြည့်ပြီး လုပ်စရာရှိတာတွေကို ကြိုတင် ပြင်ဆင်လုပ်ဆောင်ဖို့ လိုတယ်၊ နောက် လယ်ကြားမြောင်း တွေကို အောင်ရေအတွက်ပါ ရေသွယ်လို့ရအောင် ကြိုပြီး ပြင်ဆင်ထားဖို့ လိုပါတယ်၊ ဒါတွေကို တောင်သူတွေ ကြိုပြီး လုပ်ထားမှသာ ကျွန်တော်တို့က ရေအလေအလွင့်မရှိဘဲ အဆင်ပြေပြေနဲ့ ရေပေးနိုင်မှာဖြစ်ပါတယ်''ဟု ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူ ဦးအောင်အောင်စိုးက တောင်သူများနှင့် တွေ့ဆုံစဉ် ပြောသည်။
ရာသီဥတုဖောက်ပြန်ပြီး ရေဝင်ရောက်မှု နည်းပါး သဖြင့် ပြီးခဲ့သည့်နှစ်နှစ်အတွင်းက ဒေသခံတောင်သူများ နွေစပါးမစိုက်ပျိုးခဲ့ရသော်လည်း ယခုနှစ်တွင် ရေဝင်ရောက်မှု များသဖြင့် နွေစပါးအတွက် စိုက်ပျိုးရေဖူလုံစွာရရှိသော ကြောင့် တောင်သူများအနေဖြင့် ကျေနပ်အားရဝမ်းသာ လျက်ရှိကြောင်း သိရသည်။
''ဒီနှစ်မှာ ကျွန်တော် ရေစောစောရရှိတော့ ဖူဖူလုံလုံနဲ့ နွေစပါးစိုက်ပျိုးရတယ်၊ ရေရတော့ ပျော်တာပေါ့၊ ကျွန်တော် တို့တစ်ကွင်းလုံး အဆင်ပြေပြေနဲ့ တစ်ပြိုင်တည်း စိုက်ပျိုး ရတဲ့အတွက် ဝမ်းသာတယ်၊ အခုရေတစ်ကြိမ်ဝင်ပြီးတော့ အပင်လည်း အားလုံးဖြစ်ထွန်းပြီ၊ ကျွန်တော်တို့ အောင်ဇေယျ ကွင်းမှာ နွေစပါးမစိုက်ရတာ နှစ်နှစ်ရှိသွားပြီ၊ ဒီနှစ်မှ ပြန်လည်စိုက်ပျိုးရတယ်၊ အထူးသဖြင့် နွေစပါးဆိုတာ ရေလိုအပ်ချက်ကများတယ်၊ ဆည်က လိုအပ်တဲ့ရေကို ပေးနိုင်မှလည်း ကျွန်တော်တို့အတွက် စိုက်ပျိုးရတာ အဆင် ပြေတယ်၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဆည်မြောင်းက ဝန်ထမ်းတွေနဲ့ ကြိုတင်ညှိနှိုင်းပြီး ဆောင်ရွက်သလို ကျွန်တော်တို့အောက်ခြေမှာလည်း ရေပေးဝေရေးအဖွဲ့တွေ ဖွဲ့ပြီး ဆောင်ရွက်ရတာလည်းရှိတယ်၊ ဆည်မြောင်းမှာရှိတဲ့ လယ်သမားမိတ်ဆွေ(Farmer Friend)အဖွဲ့နဲ့လည်း ညှိနှိုင်းပြီးလုပ်တဲ့အတွက် ဒီနှစ်စိုက်ပျိုးရတာ ကျွန်တော်တို့ တောင်သူတွေအနေနဲ့ကတော့ တကယ့်ကို အားရကျေနပ်မှု ရှိတယ်''ဟု ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု မွန်းတည်ခွင်ကျေးရွာမှ နွေစပါး ၂၅ ဧက စိုက်ပျိုးထားသည့် တောင်သူ ဦးလှဖေက ပြောသည်။
''ဒီလို ရေပေါပေါများများ မမြင်ရတာ ကျွန်တော်တို့ နှစ်နှစ်ရှိပြီ၊ ဒီနှစ်မှာ နွေစပါးစိုက်ပျိုးမှုကတော့ တော်တော် လေး အခြေအနေကောင်းပါပြီ၊ စိုက်ပြီးတဲ့သူလည်း တချို့ စိုက်ပြီးကြပြီ၊ တချို့လည်း စိုက်ပျိုးနေကြတယ်၊ ဆည်ရေ ဝင်ရောက်မှုလည်းများတော့ အကုန်လုံးနီးပါး နွေစပါး စိုက်ပျိုးကြတယ်၊ ပြီးခဲ့တဲ့နှစ်တွေကတော့ ဆည်မှာရေမရှိ လို့ မစိုက်ပျိုးရတာပါ၊ ရေပေးဝေမှုစနစ်ကလည်း အဆင်ပြေတဲ့အတွက် ဒီနှစ်မှာ စိုက်ပျိုးရတာ အားရ ကျေနပ်မှုရှိပါတယ်၊ ကျွန်တော်တို့အနေနဲ့ ရေနဲ့ပတ်သက် ပြီးတော့ အားနည်းချက်ရှိတယ်ဆိုရင် ဆည်မြောင်းက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပါတယ်''ဟု ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာ မအူတောကွင်းမှ တောင်သူ ဦးကျော်ဌေးဝင်းက ပြောသည်။
ရေဆင်းဆည်မှ ယခုနှစ်တွင် နွေစပါး စိုက်ဧက ၆ဝဝဝ လျာထားပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ရန် တောင်သူများအနေဖြင့် ရေအလေအလွင့်မရှိအောင် စနစ် တကျရယူရန်လိုအပ်သလို လောလောဆည် ဆည်ရေသောက် ဧရိယာအတွင်း မြောင်းဖျားပိုင်းများတွင် စိုက်ပျိုးထား ကြသည့် မတ်ပဲစိုက်တောင်သူများအနေဖြင့်လည်း မိမိတို့၏ သီးနှံစိုက်ခင်းများ ရေမဝင်ရောက်စေရန် ရေမြောင်း ပတ်မြောင်းများ တူးဖော်ထားရန် လိုအပ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေဆင်းဆည်မှ နွေစပါးစိုက်ပျိုးရန်အတွက် လက်ဝဲ မြောင်း၊ လက်ယာမြောင်းများတွင် သတ်မှတ်ထားသည့် ကွင်းများအလိုက် တနင်္လာနေ့မှ ကြာသပတေးနေ့အထိ တစ်ကြိမ်၊ သောကြာနေ့မှ တနင်္ဂနွေနေ့အထိတစ်ကြိမ် အလှည့်ကျစီပေးဝေနေပြီး ဇန်နဝါရီ ၁၅ ရက်မှ ယနေ့အထိ လယ်မြေဧက ၂ဝဝဝ ကျော် စိုက်ပျိုးပြီးဖြစ်သလို ဖေဖော်ဝါရီ လတွင် ကွင်းပိတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မွှေး

No comments:

Post a Comment