Thursday, January 4, 2018

နှစ်သစ်ကူး တရား အလှူတော် ဓမ္မသဘင် တတိယနေ့ ကျင်းပ

Image may contain: one or more people, crowd, sky and outdoor
ရန်ကုန် ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူး တရား အလှူတော် ဓမ္မသဘင် တတိယနေ့ကို ယနေ့ ည ၇ နာရီခွဲက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ခြေတော်ရင်းရှိ ပြည်သူ့ဥယျာဉ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ယနေ့တွင် သာသနဓဇ ဓမ္မာစရိယ ဓမ္မကထိက ဗဟုဇနဟိတဓရ မဟာသဒ္ဓမ္မဇောတိကဓဇ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက က ''မေတ္တာစာချုပ်ဖြင့်သာ ထာဝရငြိမ်းချမ်းရေးရနိုင်သည်'' တရားတော်ကို ဟောကြား ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တရားချစ်ခင်သူတော်စင် နှစ်သိန်းခန့် ရိုသေစွာနာယူကြည်ညိုကြသည်။
နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ကျင်းပမှု နှင့်ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ''နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ကို ကျင်းပတာ နှစ်နှစ်ရှိပါပြီ၊ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အများ ကြီး အကျိုးကျေးဇူးရှိစေမှာပါ၊ လူဆိုတာ အသိုင်းအဝိုင်းနဲ့ နေတာဖြစ်တဲ့အတွက် အချင်းချင်း တစ်ဦးနဲ့တစ်ဦး မေတ္တာတွေ ပိုပြီးထားနိုင်မှာဖြစ်တာကြောင့် ကောင်းကျိုး တရားတွေရရှိမှာပါ၊ ဒီတရားပွဲကြီးမှာ ဆရာတော်ကြီးတွေ ဟောကြားသွားတဲ့ တရားတော်တွေဟာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးတည်ပြီး တရားအမြင်နဲ့ယှဉ် ဟောကြားသွားတာဖြစ်ပါတယ်၊ တစ်နည်းအားဖြင့် လူထုကို တရားနဲ့ယှဉ်ပြီး အေးချမ်းမှုကို ဟောကြားသွားတာ တွေ့ရတယ်၊ တိုင်းပြည်ကို ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်မလဲဆိုပြီးတော့ ဆရာတော်ကြီးတွေက တရားနဲ့ယှဉ်ပြီး ဟောသွားတာကြောင့် တိုင်းပြည်အတွက် အများကြီး အကျိုးရှိပါတယ်''ဟုပြောကြားသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က ''ပြီးခဲ့တဲ့နှစ်ကလည်း နှစ်ဦးတရား ပွဲလုပ်ခဲ့တယ်၊ ဒီနှစ်မှာလည်းလုပ်တဲ့အတွက် တရားပွဲမှာ ဆရာတော်ကြီးတွေရဲ့ သြဝါဒခံယူဖို့ လာရောက်ခဲ့တာပါ၊ ဗုဒ္ဓဘာသာဝင်တွေ အများဆုံးနေထိုင်ကြတဲ့ တိုင်းပြည်ဖြစ် တဲ့အတွက်ကြောင့် ဆရာတော်ကြီးတွေ ဟောကြားတဲ့၊ တရားတော်တွေဟာ အလွန်အကျိုးကျေးဇူးဖြစ်ထွန်းပြီး တော့ ကုသိုလ်ကောင်းမှုတွေ ပိုမိုပြုလုပ်လာနိုင်မယ်၊ တစ်ဦးနဲ့တစ်ဦး မေတ္တာတရားပွားများနိုင်ပြီး ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ လောကကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်''ဟုပြောသည်။
တရားအလှူတော် ဓမ္မသဘင် ကျင်းပမှုနှင့်ပတ်သက် ၍လည်း ပွဲကျင်းပရေးကော်မတီအတွင်းရေးမှူး(၂) ဘဏ္ဍာရေးတာဝန်ခံ ဦးဌေးမြင့်က ''ပွဲဖြစ်မြောက်ရေး အတွက် မနှစ်က ပါဝင်လှူဒါန်းခဲ့တဲ့ မူလအလှူရှင်တွေ ကိုလည်း အကြောင်းကြားခဲ့ပါတယ်၊ အလှူရှင်အသစ်တွေ လည်း အများကြီးရရှိခဲ့ပါတယ်၊ ဒီနှစ်မှာဆိုရင် မနှစ်က ထက် တရားနာပရိသတ်တွေ ပိုများလာတယ်၊ နေ့စဉ် ပရိသတ်နှစ်သိန်းခွဲလောက် လာရောက်တရားနာတာကို တွေ့ရတယ်၊ အခုလို အောင်အောင်မြင်မြင် စည်စည် ကားကားနဲ့ ကျင်းပနိုင်တာကြောင့် အင်မတန်ဝမ်းသာပါ တယ်''ဟု ပြောသည်။
နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်သို့ လာရောက်တရားနာယူကြည်ညိုကြသူများအား အလှူ ရှင်များက စတုဒိသာဖြင့် ဧည့်ခံခြင်း၊ ဓမ္မစာအုပ်များ အမှတ်တရ ဝေငှခြင်းတို့ ပြုလုပ်ခဲ့သည့်အပြင် အရေး ပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ကျန်းမာရေးဆေးခန်းများကိုလည်း အဆင် သင့် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
ယနေ့တရားလာရောက်နာယူမှုအပေါ် ဒါရိုက်တာ ကြည်ဖြူသျှင်က ''မနှစ်တုန်းကလည်း လာရောက်ပြီးတရား နာဖြစ်ပါတယ်၊ ဒီနှစ်မှာလည်း နေ့တိုင်း လာရောက် တရားနာဖြစ်ပါတယ်၊ ရွှေတိဂုံစေတီတော်ကြီးရဲ့ အရိပ်အာဝါသအောက်မှာလုပ်တဲ့ပွဲဖြစ်တဲ့အတွက် အနှစ်သာရ လည်းရှိပါတယ်၊ လာပြီးတရားနာတဲ့ ပရိသတ်အတွက် လည်း တစ်ချိန်တည်းမှာ စုစုစည်းစည်းနဲ့ အများကြီး လာရောက်တရားနာယူနိုင်တဲ့အတွက် အင်မတန်အကျိုး ရှိပါတယ်၊ နှစ်သစ်ကို ကျက်သရေမင်္ဂလာရှိရှိနဲ့ ဖြတ်သန်း နိုင်တာပေါ့၊ ကျွန်မတို့ ဗုဒ္ဓဘာသာအနေနဲ့ဆိုရင် ဒီလို နှစ်ဦးမှာ တရားသဘင်တွေလုပ်တဲ့အတွက် တိုင်းပြည် အတွက် ကောင်းကျိုးချမ်းသာတွေ အများကြီးရရှိမယ်လို့ မျှော်လင့်ပါတယ်''ဟုပြောသည်။
အလားတူ အလုံမြို့နယ်မှ ဒေါ်ဌေးဌေးက ''ကျွန်မ တို့က ပရဟိတအနေနဲ့ လာရောက်ခဲ့တာပါ၊ တရားပွဲမှာ လိုအပ်တဲ့ အပိုင်းတွေမှာ ပါဝင်ဖြည့်ဆည်းပေးရတာပါ၊ အခုလို တရားနာခွင့်ရတဲ့အတွက်ကြောင့် အသိဥာဏ် တွေအများကြီးရပြီး ဥာဏ်အလင်းတွေရရှိပါတယ်၊ ဒါ့အပြင် ဆရာတော်ကြီးတွေ ဟောတဲ့တရားကနေ အသိပညာ၊ ဗဟုသုတတွေ အများကြီးရပါတယ်၊ ဗုဒ္ဓတရားတော်တွေနဲ့ ပတ်သက်ပြီး အခုလိုတရားပွဲကြီးကို စည်စည်ကားကားနဲ့ လုပ်နိုင်တာ ကျွန်မတို့နိုင်ငံပဲရှိပါတယ်၊ အဲဒီအတွက်ကို လည်း ပီတိဖြစ်မိပါတယ်၊ အခုလိုတရားပွဲကြီးဖြစ်မြောက် အောင်လုပ်ပေးတဲ့တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင် ပါတယ်''ဟုဆိုသည်။
မရမ်းကုန်းမြို့နယ်မှ ဦးဝင်းအောင်ကလည်း ''တရား ပွဲကျင်းပတဲ့ သုံးရက်လုံး မိသားစုလိုက် လာရောက် တရားနာခဲ့တယ်၊ မနေ့ကဆိုရင် ဝေသာလီပြည်နဲ့ ပတ်သက်ပြီး သီတဂူဆရာတော်ကြီး ဟောသွားတဲ့အထဲမှာ မှတ်သားစရာတွေ တော်တော်ရခဲ့တယ်၊ ဒီလိုနှစ်သစ် အချိန်မှာ ဆရာတော်ကြီးတွေရဲ့ တရားနာရတာဟာ အင်မတန်ကံထူးတယ်လို့ပဲဆိုရမှာပါ''ဟု ပြောသည်။
အဆိုပါ နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင် ကို ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ သုံးရက်တိုင် ကျင်းပခဲ့ရာ ပထမနေ့တွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသက လည်းကောင်း၊ ဒုတိယနေ့တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော်က လည်းကောင်း တရားတော်များကို ဟောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ယင်းကဲ့သို့ နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ကို ၂ဝ၁၇ ခုနှစ်ကလည်း ဇန်နဝါရီ ၁ ရက်မှ ၅ ရက် အထိ ငါးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်း-ဇော်ကြီး ၊ ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment