Thursday, January 4, 2018

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ဒုတိယအကြိမ်) ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ဆက်လက်ကျင်းပ

Image may contain: one or more people and indoor
နေပြည်တော် ဇန်နဝါရီ ၃
အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ဒုတိယအကြိမ်) ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ် ဒုတိယနေ့ ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ဆက်လက်ကျင်းပသည်။
အဆိုပါ ငြိမ်းချမ်းရေးဖိုရမ်သို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီဝင်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်တို့မှ ကိုယ်စားလှယ်များ၊ မသန်စွမ်းသူကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့ဆွေးနွေးပွဲတွင် ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်(UCCPF) ကော်မတီဝင်များဖြစ်ကြသည့် ဘန်ဆိုင်းဘူနှင့် နော်တကောထူးတို့က ဖိုရမ်ပထမနေ့တွင် ဆောင်ရွက်ခဲ့မှုနှင့် ဆွေးနွေးခဲ့မှုအခြေ အနေများကို ခြုံငုံသုံးသပ် ရှင်းလင်းပြောကြားကြပြီး UCCPF ကော်မတီဝင် များဖြစ်ကြသည့် ဦးမြတ်သူဝင်းနှင့် ဆောင်ဝင်းတို့က မူဝါဒအကြံပြုစာတမ်းများကို အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပြည်ထောင်စု အဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကြီးကြပ်ရေး ကော်မတီဝင်များထံ ပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတို့မှ ကိုယ်စားလှယ်များက ပေးအပ်ပြီးသော မူဝါဒအကြံပြုစာတမ်းများနှင့်ပတ်သက်၍ ဆက်လက် လုပ်ဆောင်နိုင်သည့် အကြောင်းအရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အဖွဲ့များခွဲ၍ သီးခြားစီဆွေးနွေးကြသည်။
ဆက်လက်၍ အဖွဲ့တစ်ဖွဲ့လျှင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတို့မှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့ ၁၃ ဖွဲ့သည် မူဝါဒအကြံပြုစာတမ်းများ နှင့်စပ်လျဉ်း၍ အစုအဖွဲ့အလိုက် ဆွေးနွေးခဲ့မှုအခြေအနေနှင့် အတွေ့အကြုံများ ကို ပြန်လည်ဆွေးနွေးမျှဝေကြသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားလှယ်များက နှစ်ရက်တာ ကျင်းပခဲ့သည့် အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ (ဒုတိယအကြိမ်) ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်နှင့်စပ်လျဉ်း၍ အပြုသဘောဆောင်သည့် အကြံပြုချက်များ ဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ဖိုရမ်ကို ရုပ်သိမ်းလိုက်သည်။
ညနေပိုင်းတွင် အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ (ဒုတိယအကြိမ်) ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ပိတ်ပွဲအခမ်းအနားကို အဆိုပါခန်းမ၌ ဆက်လက်ကျင်းပ သည်။
ပိတ်ပွဲအခမ်းအနားတွင် UCCPF ကော်မတီဝင် ဦးမိုးသူအောင်က ကျေးဇူးတင်စကားပြောကြားကာ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)တွင် နှစ်ရက်ကြာကျင်းပခဲ့သည့် အကြောင်းအရာအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ဒုတိယအကြိမ်) ပြည်ထောင်စုအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်မှ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)သို့ ဖက်ဒရယ်အခြေခံမူဝါဒဆိုင်ရာ အကြံပြုစာတမ်း နှင့် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မူဝါဒအကြံပြု စာတမ်းများကို ပေးအပ်နိုင်ခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment