Thursday, January 4, 2018

ရန်ကုန်ကလေးစာပေပွဲတော်ကို သုံးရက်တာ ကျင်းပမည်

Image may contain: one or more people, table and indoor
ရန်ကုန် ဇန်နဝါရီ ၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်းကျင်းပမည့် ကလေးစာပေ ပွဲတော် (ရန်ကုန်)ကို ဇန်နဝါရီ ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း (စိန့်ပေါလ်)၌ နေ့စဉ် နံနက် ၉ နာရီမှ ည ၈ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျင်းပနိုင်ရေးအတွက် ကြိုတင် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်း(စိန့်ပေါလ်) အောင်ကျော်ခန်းမ၌ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး က ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများ နှင့် ပုဂ္ဂလိကကျောင်းများမှ ကလေးစာပေ ပွဲတော်၌ ခင်းကျင်းပြသမည့် ပြခန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ဗိုလ်တထောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး(ခေါ်)မေစိုးက ကလေးစာပေ ပွဲတော်ကျင်းပမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးအေးကြွယ်က ကလေးစာပေ ပွဲတော်နှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ကလေးစာပေပွဲတော်ကို စာအုပ်ပြပွဲ နှင့် စာအုပ်ရောင်းပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ အိမ်တည်ဆောက်မှုပြိုင်ပွဲ၊ စကားပုံဆက် ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဂိမ်းကစားနည်း ပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ပြခန်းများဖြင့် သုံးရက်တာ ကျင်းပသွားမည် ဖြစ်သည်။
ကလေးစာပေပွဲတော် ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်း ပေါင်းစုံမှ ကျောင်းသားကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ် ၂ဝ ဖြင့် လည်း ကောင်း၊ ဒုတိယနေ့တွင် အစီအစဉ် ၃ဝ ဖြင့် လည်းကောင်း၊ တတိယနေ့တွင်အစီအစဉ် ၂ဝ ဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ပြီး ကလေးစာပေပွဲတော်သို့ လာရောက်သည့်ပရိသတ်များအား မျက်လှည့်၊ ကျောက်ဆည် ဆင်အကများဖြင့်လည်း ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကလေးစာပေပွဲတော် ကျင်းပမည့်ရက် များအတွင်း စာပေဟောပြောပွဲနှင့် ကလေး စာပေမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ ကိုလည်း ထည့်သွင်းဆွေးနွေးကြမည်ဖြစ်ပြီး မည်သူမဆို ဝင်ရောက်ဆွေးနွေးနိုင်ကြောင်း သိရသည်။
ကလေးစာပေပွဲတော်ကို နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာမြို့တို့၌ ကျင်းပခဲ့ပြီး ယခုရန်ကုန်တွင် ဆဋ္ဌမအကြိမ် မြောက် ကျင်းပခြင်းဖြစ်ကာ မည်သူမဆို ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရသည်။
အောင်မင်းဟန်

No comments:

Post a Comment