Sunday, January 28, 2018

ရန်ကုန်ကလေးဆေးရုံကြီးတွင် ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင်

Image may contain: one or more people
ရန်ကုန် ဇန်နဝါရီ ၂၇
အသက် ၁ဝ နှစ်အရွယ်ရှိ နာတာရှည် ကျောက်ကပ်ဝေဒနာရှင် မိန်းကလေးငယ်တစ်ဦးအား အသက် ၂၃ နှစ်အရွယ်ရှိ ၎င်း၏အစ်ကိုအရင်း ဖြစ်သူထံမှ ကျောက်ကပ်တစ်ခြမ်းဖြင့် အစားထိုးခွဲစိတ်ကုသမှုကို ရန်ကုန်ကလေး ဆေးရုံကြီးတွင် ယနေ့ခွဲစိတ်မှုပြုလုပ်ရာ အောင်မြင်စွာ အစားထိုးခွဲစိတ်ကုသပေး နိုင်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီးမှ သိရသည်။
''ကလေးက နာတာရှည်ကျောက်ကပ်ဝေဒနာ ခံစားနေရတယ်၊ ကျောက်ကပ် ဆေးနေရတယ်၊ အခုဆို တစ်ပတ်ကို သုံးရက်လောက်အထိ ဆေးနေရတဲ့အခါကျ တော့ ပြန်ကောင်းဖို့ အခြေအနေကမရှိဘူး၊ ဒီကလေးအတွက် ကျောက်ကပ် အစားထိုးဖို့လိုအပ်တဲ့အတွက် စင်ကာပူအဖွဲ့ကဦးဆောင်ပြီး ဒီက ဆေးပညာ အဖွဲ့တွေ ပူးပေါင်းပါဝင် ခွဲစိတ်ကုသပေးတာပါ''ဟု ရန်ကုန်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်စုစုဒွေးက ပြောသည်။
အဆိုပါခွဲစိတ်မှုသည် ရန်ကုန်ကလေးဆေးရုံကြီး၏ ပထမဆုံးအကြိမ် ခွဲစိတ်မှုဖြစ်ပြီး ခွဲစိတ်မှုကို ဒဂုံမြို့နယ်ရှိ ရန်ကုန်ကလေးဆေးရုံကြီး ခွဲစိတ်ခန်းတွင် ယနေ့ နံနက် ၉ နာရီမှစတင်ခဲ့ရာ ညနေ ၃ နာရီတွင် ခွဲစိတ်မှုပြီးစီးခဲ့ပြီး ခွဲစိတ်ပြီးစီးချိန် တွင် ကျောက်ကပ်ဝေဒနာရှင် မနန်းယုဝေနှင့် ကျောက်ကပ်လှူဒါန်းသူ ၎င်း၏အစ်ကို ကိုအောင်ဇော်ဇော်တို့မှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ကျောက်ကပ်ဝေနာရှင်နှင့် အလှူရှင် မောင်နှမနှစ်ဦးတို့၏ ဖခင်ဦးနေအောင်က ''သမီးလေးက ကျောက်ကပ်ဖြစ်ပြီးနောက်ပိုင်း နှစ်နှစ်တိတိ ကျောက်ကပ်ဆေးနေရတာ၊ ဆေးရုံက ဆရာဝန်ကြီးတွေက ကျောက်ကပ် အစားထိုးကုသပေးဖို့ ဆောင်ရွက်တော့ ကျောက်ကပ်လှူဖို့ အမေကိုအရင်စစ်တယ်၊ အမေက မအောင်မြင်ဘူး၊ အစ်ကိုဖြစ်တဲ့သူက သူ့ဆန္ဒအရစစ်တော့ သူကအောင်မြင်တယ်၊ လှူဖြစ်သွားတာပေါ့၊ သူတို့က မောင်နှမ နှစ်ယောက်တည်းပါ၊ အခုလို ခွဲစိတ်ပြီးရင် သမီးလေး အသက်ရှင်ခွင့်ရမယ်ဆိုတော့ ဝမ်းသာတယ်၊ သားအတွက်လည်း စိုးရိမ်ရ သလို သမီးအတွက်လည်း စိုးရိမ်နေခဲ့ရတာပါ''ဟု ပြောသည်။
ကျောက်ကပ်အစားထိုးခွဲစိတ်မှုကို စင်ကာပူနိုင်ငံ National University Hospital မှ Prof: Prabhakaran Krishman ဦးဆောင်သော ခွဲစိတ်မှုအဖွဲ့နှင့် ရန်ကုန်ကလေးဆေးရုံကြီး ကလေးခွဲစိတ်ကု ပညာဌာန ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ အေးအေး၊ ရန်ကုန် ခုတင် ၅ဝဝ အထူးကု ဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကု ပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ ကျော်စွာလှိုင်၊ ဆေးတက္ကသိုလ်(၁) မေ့ဆေး ပညာဌာနမှ အတိုင်ပင်ခံပါမောက္ခ ဒေါက်တာ ကြည်ကြည်စန်း၊ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာမူမူနိုင်၊ ရန်ကုန်ကလေးဆေးရုံကြီး တာဝန်ခံ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာ မြစိုး၊ ရန်ကုန်ကလေးဆေးရုံကြီးမှ သူနာပြု ဆရာမကြီး တင်ယင်းမာတို့ ဦးဆောင်သော ခွဲစိတ်မှုအဖွဲ့က တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မခွဲစိတ်မီနှင့် ခွဲစိတ်ပြီး ကျောက်ကပ် အလှူရှင်နှင့် လက်ခံလူနာတို့၏ ကျန်းမာရေး စောင့်ရှောက်မှုကို စင်ကာပူနိုင်ငံ National University Hospital မှ Prof: Yap Hui Kim၊ ဆေးတက္ကသိုလ်(၁) ကလေးကျန်းမာ ပညာဌာန ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ ရဲမြင့်ကျော်၊ ရန်ကုန်ကလေးဆေးရုံကြီး ကလေးကျောက်ကပ်ကုသဌာနမှ တွဲဖက် ပါမောက္ခ ဒေါက်တာချိုချိုစန်း၊ ခုတင် ၅ဝဝ အထူးကုဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ကုသ ဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ ခင်သီတာသွင်တို့ ဦးဆောင်သော ကုသရေး အဖွဲ့မှ တာဝန်ယူခဲ့ပြီး ရန်ကုန်ကလေးဆေးရုံ ကြီးမှ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခများ၊ ဆရာဝန်များက ပူးပေါင်းပါဝင် ကူညီပေးကြ ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကလေးကျောက်ကပ် အစားထိုးကုသမှုကို မန္တလေးမြို့ ခုတင် ၃ဝဝ ဆံ့ ကလေးဆေးရုံကြီးတွင် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်လုပ်ဆောင်ခဲ့ရာ သုံးကြိမ်အောင်မြင်မှုရရှိထားပြီး ရန်ကုန် ကလေးဆေးရုံကြီး၏ ယခုခွဲစိတ်မှုအပါအဝင် ဆိုလျှင် အောင်မြင်မှု လေးကြိမ်ရှိပြီဖြစ်ကြောင်း နှင့် ယနေ့ရန်ကုန်ကလေးဆေးရုံကြီးတွင် ပြုလုပ်သည့် ကျောက်ကပ်အစားထိုး ခွဲစိတ် ကုသမှုကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လာရောက်အားပေးကြည့်ရှု ခဲ့ကြောင်း သိရသည်။
သီသီမင်း

No comments:

Post a Comment