Monday, January 29, 2018

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ဒေသတရားရုံး ဖွင့်လှစ်

Image may contain: one or more people, crowd and outdoor
တောင်ကြီး ဇန်နဝါရီ ၂၈
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက ဒေသတရားရုံးကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒေသတရားရုံး ဖွင့်ပွဲဆိုင်းဘုတ်ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် က တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၅၇/၂ဝ၁၈) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဖွင့်လှစ်ထားပြီးဖြစ်သည့် တရားရုံးများ ကလည်း ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ-၁၉ မှာပါသည့် တရား စီရင်ရေး အခြေခံမူများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြ ရန်နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီပြီး သာတူညီမျှ၍ တန်းတူ ညီမျှသော အခွင့်အရေးရရှိရေးကို ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ် တရား လွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်တို့က အမှာစကား ပြောကြားကြပြီး ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ကိုယ်စားလှယ် ဦးခွန်စ နေအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ရုံးဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များအား ဂါရဝပြု ပေးအပ်ခဲ့ကြကြောင်း သိရ သည်။
မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment