Sunday, January 28, 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို ကြိုဆိုထောက်ခံပွဲကျင်းပနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှ ပေးပို့သောသဝဏ်လွှာကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ဖတ်ကြား

Image may contain: 2 people, people standing and crowd
ရန်ကုန် ဇန်နဝါရီ ၂၇
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို ကြိုဆိုထောက်ခံသည့်အနေဖြင့် အလွှာပေါင်းစုံ ပါဝင်ဆင်နွှဲ သည့် ငြိမ်းချမ်းရေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ပွဲ၊ တေးဂီတဖျော်ဖြေပွဲနှင့် အမုန်းများရပ်၊ ချစ်ကြပါ ချစ်ကြည်ရေးဘောလုံးပွဲများကို ယနေ့မွန်းလွဲ ၂ နာရီမှ စတင်၍ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
ငြိမ်းချမ်းရေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ပွဲများ၊ တေးဂီတဖျော်ဖြေပွဲများတွင် သီးလေးသီးအငြိမ့်အဖွဲ့မှ ငြိမ်းချမ်းရေး ဟာသသရုပ်ဖော်တင်ဆက်မှုများဖြင့် ဖျော်ဖြေ ခဲ့ပြီး ပန်းရဲ့လမ်းတေးဂီတအဖွဲ့ကလည်း တေးသီချင်းများ ဖြင့် ပါဝင်သီဆို ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖတ်ကြားသည်။ (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှ ပေးပို့သော သဝဏ်လွှာကို သီးခြားဖော်ပြထားပါသည်)
ဆက်လက်၍ ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ဝင် ''၈၈''မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကြိုဆိုထောက်ခံပွဲ ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားရာတွင် ယနေ့ပွဲသည် ပြည်သူများကျင်းပသော ပွဲဖြစ်ကြောင်း၊ ပြည်သူများသည် သမိုင်းတစ်လျှောက် သာမက ယနေ့အထိလည်း တာဝန်ကျေအောင် ကြိုးစား နေဆဲဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိုလည်း တစ်တိုင်းပြည်လုံး က လိုချင်ကြောင်း၊ မိမိတို့နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့ အစည်းအသီးသီးတွင် မည်သူကမျှ ငြိမ်းချမ်းရေးကို မလိုချင်ဟု ငြင်းဆန်မည့်သူမရှိကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ အလက(၂)သင်္ဃန်းကျွန်းမှ ကျောင်းသားငယ်များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အနုပညာရှင်များက ငြိမ်းချမ်းရေးသရုပ်ဖော်ပြကွက်ကို ပြသပြီး ငြိမ်းချမ်းရေးအထိမ်းအမှတ် အဖြူရောင်နှင့် အပြာရောင် မိုးပျံပူဖောင်းများ လွှတ်တင်ကြသည်။
ထို့နောက် ငြိမ်းချမ်းရေးဘောလုံးပွဲအဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ မြန်မာ့လက်ရွေးစင် ဘောလုံး သမားဟောင်းများ၊ ရုပ်ရှင်သရုပ်ဆောင်နှင့် အနုပညာ ရှင်များပါဝင်သော ''ချစ်ကြပါ ဘောလုံးအသင်း''နှင့် ''အမုန်းများရပ် ဘောလုံးအသင်း''တို့ ယဉ်ပြိုင်ကစားကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးတို့က အသင်းနှစ်သင်းမှ အားကစားသမားများ အား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ထို့နောက် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဆက်လက် ကျင်းပပြီး နှစ်ဖက်ဘောလုံးအသင်းများအား ဆုများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ယနေ့ကျင်းပသည့် ကြိုဆိုထောက်ခံပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ အနုပညာရှင်များ၊ ထောက်ခံပွဲသို့ လာရောက်အားပေးကြ သော အလွှာအသီးသီးမှ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
သတင်း-ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment