Monday, December 4, 2017

ကင်းတပ်ရေလွှဲတမံမှ ရေပေးဝေနေမှု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကြည့်ရှုစစ်ဆေး

Image may contain: 6 people, people standing, sky and outdoor
နေပြည်တော် ဒီဇင်ဘာ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက ကန့်ဘလူမြို့နယ် ကင်းတပ်ရေလွှဲ တမံသို့ ရောက်ရှိပြီး တမံ၏ လက်ဝဲတူးမြောင်း၊ လက်ယာ တူးမြောင်းများမှ ရေသောက် ဧရိယာ စုစုပေါင်း ၁၆၆ဝ၈၈ ဧကသို့ စိုက်ပျိုးရေပေးဝေနေမှု လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ကင်းတပ်ရေလွှဲတမံအထက် ကိုးမိုင် ခန့်အကွာ ကျွန်းလှမြို့နယ် သဖန်းဆိပ်ရေလှောင်တမံသို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က သဖန်းဆိပ်ရေလှောင်တမံ ဆည်ရေကို ကင်းတပ်ရေ လွှဲတမံနှင့် ကာဘိုးရေလွှဲဆည်များမှတစ်ဆင့် ရွှေဘို တူးမြောင်း၊ ရေဦးတူးမြောင်းတို့ဖြင့် ဒေသအတွင်းရှိ ရေသောက် ဧရိယာ ဧက ၃၅ဝဝဝဝ သို့ ဆည်ရေပေးဝေနေမှု နှင့် ရေအားလျှပ်စစ် ထုတ်လွှတ်ပေးနေမှု လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သဖန်းဆိပ် ရေလှောင်တမံသည် အရှေ့တောင်အာရှတွင် ဒုတိယ အကြီးဆုံး ရေလှောင်တမံကြီး တစ်ခုဖြစ်သကဲ့သို့ စစ်ကိုင်း တိုင်းဒေသကြီး၏ စိုက်ပျိုးမြေအများဆုံးဖြစ်သည့် မူးမြစ်ဝှမ်းဒေသရှိ ကြီးမားကျယ်ပြန့်သော ဧရိယာအတွင်း စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေးအတွက် အားကိုး အားထားပြုနေရသော ရေလှောင်တမံကြီးလည်းဖြစ်ရာ တမံကြီး ရေရှည်တည်တံ့စေရန်နှင့် အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဖက်မှာလည်း အခြေအနေ အကြောင်းအမျိုးမျိုး ကြောင့် တမံအတွင်း ထိန်းသိမ်းသိုလှောင်ထားသော ရေအရည်အသွေးကို ထိခိုက်မှုမရှိစေရန် ဂရုပြုဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ပုံမှန်ဆောင်ရွက်နေကျ ရေအရည် အသွေး ဓာတ်ခွဲစစ်ဆေးမှုလုပ်ငန်းများအပြင် သီးခြား အစီအစဉ်တစ်ရပ်အဖြစ် အချိန်ကာလ သတ်မှတ်ပိုင်းခြားပြီး ရေအရည်အသွေး ဓာတ်ခွဲစစ်ဆေးမှုကို အထူးကြပ်မတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ဒီဇင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရေစကြိုမြို့နယ် ရွာသာရွာတွင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ OISCA တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သင်တန်းခန်းမဆောင်၌ သင်တန်းသား သင်တန်းသူများ၊ ဒေသခံတောင်သူများ အား တွေ့ဆုံ၍ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသွားကြသည့် အသိပညာ၊ အတတ်ပညာများကို မိမိဒေသအရောက် သယ်ဆောင်သွားသော လူသားအရင်း အမြစ်များအဖြစ် မိမိဒေသဖွံ့ဖြိုးရေးအတွက် အားထုတ် ကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ဒေသခံတောင်သူများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ကို တင်ပြကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းတို့က ရှင်းလင်းပြောကြားကြသည်။
ထိုမှတစ်ဆင့် ရေစကြိုမြို့နယ် ညောင်ဇောက်အုပ်စု တောင်သူ ဦးဝေလင်း၏ မိုးစပါးစိုက်ကွင်းတွင်SRI စိုက်ပျိုးနည်းစနစ်ဖြင့် ဆင်းသုခစပါးမျိုး စိုက်ပျိုးအောင်မြင် နေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ခေတ်မီစိုက်ပျိုးနည်းစနစ် လိုက်နာကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် သီးနှံအရည်အသွေးနှင့် အထွက်နှုန်း သိသာစွာ တိုးတက်ရရှိမှု၊ နည်းပညာ ပြန့်ပွားရေး၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များသုံးစွဲစိုက်ပျိုးနိုင်ရေး ကူညီ ဆောင်ရွက်ပေးနေမှု လုပ်ငန်းစဉ်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment