Monday, December 4, 2017

(၂၃)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

Image may contain: one or more people, crowd and indoor
ရန်ကုန် ဒီဇင်ဘာ ၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန သာသနာတော်ထွန်းကားပြန့်ပွား ရေး ဦးစီးဌာနက ကြီးမှူးကျင်းပသော (၂၃) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်များ၏ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဥတ္တမဥာဏာဘိဝံသ ထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိ ဆရာတော်ကိုယ်စား ဒုတိယအဓိပတိ ဆရာတော် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသ က သရဏီရသြဝါဒ ကထာကို မြွက်ကြားတော်မူပြီး နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တသြဘာသာဘိဝံသ က သမ္မောဒနီယသြဝါဒကထာ မြွက်ကြားတော်မူသည်။
ယင်းနောက် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)မော်ကွန်းထိန်း ဆရာတော်က (၂၃) ကြိမ်မြောက် သာသနတက္ကသီလမဟာ ဘွဲ့နှင်းသဘင်နှင့် စပ်လျဉ်း၍ လျှောက်ထားတော်မူသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက် ထားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဟာဘွဲ့နှင်းသဘင်အခမ်းအနားနှင့် စပ်လျဉ်း၍ လျှောက်ထားသည်။
ဆက်လက်၍ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) မော်ကွန်းထိန်း ဆရာတော်က တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံတွင် ဘွဲ့ခံစာရင်း ကို အတည်ပြုလက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)နှင့် (မန္တလေး) မော်ကွန်းထိန်းဆရာတော် များက သာသနတက္ကသီလဓမ္မပါရဂူ ဘွဲ့၊ သာသနတက္ကသီလ မဟာဓမ္မာ စရိယဘွဲ့၊ သာသနတက္ကသီလဓမ္မာ စရိယဘွဲ့တံဆိပ်တော်ခံယူတော်မူကြမည့် ရဟန်းတော်များ၏ တစ်ပါးချင်း ဘွဲ့တော်ကိုကြေညာပြီး အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ပါမောက္ခချုပ်ဆရာတော်များထံတွင် ဘွဲ့ခံယူတော်မူကြသည်။
ဆက်လက်၍ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ ဒုတိယ အဓိပတိ ဆရာတော်ရှေ့မှောက်တွင် ဘွဲ့ခံရဟန်းတော်များက သာသနာပြု ကတိသစ္စာခံယူကြပြီး ဒုတိယအဓိပတိ ဆရာတော်ထံမှ ပရိသတ်များက အနုမောဒနာတရားနာကြားကြကာ ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ တာဝန်ရှိသူများနှင့် စေတနာရှင်၊ အလှူရှင်များက ဆရာတော် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။
(၂၃) ကြိမ်မြောက် သာသန တက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနားတွင် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)နှင့် (မန္တလေး)တို့မှ သာသန တက္ကသီလဓမ္မပါရဂူဘွဲ့ရ ရဟန်းတော် တစ်ပါး၊ သာသနတက္ကသီလမဟာ ဓမ္မာစရိယဘွဲ့ရ ရဟန်းတော် ၁၁ ပါးနှင့် သာသနတက္ကသီလဓမ္မာစရိယ ဘွဲ့ရ ရဟန်းတော် ၁၁၆ ပါး စုစုပေါင်း ၁၂၈ ပါးတို့က ဘွဲ့ခံယူတော်မူကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment