Wednesday, December 27, 2017

သုတ္တန်၊ အဘိဓမ္မာ နှစ်ဖြာသော ဒေသနာတော်ကြီးများ မေ့ပျောက်ပျက်စီး၍သွားသော်လည်းဝိနည်းဒေသနာတော်ကြီးတစ်ခု တည်မြဲလျက်ရှိပါက သာသနာတော်ကြီး တည်မြဲနိုင်

Image may contain: 4 people, people sitting and indoor
အကြိမ် (၇ဝ)မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက
ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဝဋံသကာပါဠိသိရောမဏိ) မိန့်ကြားတော်မူအပ်သော သာရဏီယ သြဝါဒကထာ
(၁၃၇၉ ခုနှစ် ပြာသိုလဆန်း ၉ ရက်၊ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် အင်္ဂါနေ့)
အကြိမ်(၇ဝ)မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ကြီးသို့ ဝင်ရောက်ပြန်ဆိုရေးဖြေလို၍ အဓိပတိတရားလေးပါး လက်ကိုင်ထား လျက် အားခဲ၍ ကြွရောက်တော်မူလာကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ စာသင်တိုက်ကြီးများမှ ကြွရောက်တော်မူလာကြသည့် စာထောက်စာမ ဆရာတော်များနှင့်တကွ နိုင်ငံတော်အစိုးရအမှူးပြုသော ဥပါသကာ၊ ဥပါသိကာမအပေါင်း သူတော်ကောင်းတို့အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ကိုယ်စား သြဝါဒစကား မြွက်ကြားလိုသည်မှာ-
ပမုဋ္ဌမှိ စ သုတ္တန္တေ၊ အဘိဓမ္မေ စ တာဝဒေ။
ဝိနယေ အဝိနဋ္ဌမှိ၊ ပုန တိဋ္ဌတိ သာသနံ။(ဝိ၊ ၃၊ ၁၃၇)
ဟူသော ဒေသနာတော်အရ မြတ်စွာဘုရားရှင်၏ သာသနာတော်၌ သုတ္တန်၊ အဘိဓမ္မာနှစ်ဖြာသော ဒေသနာတော်ကြီးများ မေ့ပျောက်ပျက်စီး၍ သွားသော်လည်း ဝိနည်းဒေသနာတော်ကြီးတစ်ခု တည်မြဲလျက်ရှိပါက သာသနာတော်ကြီး တည်မြဲနိုင်ပေသည်။ ဝိနည်းသည် သာသနာတော်၏အသက်ပင်ဖြစ်ပေသည်။ ထို့ကြောင့် ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု၊ ဝိနယေ ဌိတေ သာသနံ ဌိတံ ဟု (ဝိ၊ ဋ္ဌ၊ ၁၊ ၁၁။)၌ မိန့်ဆိုထားပါ သည်ဘုရား။
ဝိနည်းဆိုသည်မှာ မြတ်စွာဘုရားရှင်၏ အဆုံးအမသြဝါဒပင် ဖြစ်ပေ သည်။ ဝိနည်းနှင့်သာသနာမှာ ရဟန်းတော်များ၌သာ ရှိသည်မဟုတ် လူပုဂ္ဂိုလ်များ၌လည်း လူပုဂ္ဂိုလ်များအလိုက် ငါးပါးသီလ အစရှိသော လူ့ဝိနည်း လူ့ကျင့်ဝတ် လူ၏ယဉ်ကျေးမှုများ ရှိကြပေသည်။ လူဖြစ်စေ၊ ရဟန်းဖြစ်စေ အကြင်ပုဂ္ဂိုလ်သည် ဘုရားရှင်၏ အဆုံးအမသြဝါဒအတိုင်း လိုက်နာကျင့်သုံး၏။ ထိုပုဂ္ဂိုလ်၏သန္တာန်၌ သာသနာတည်ရှိနိုင်ပါသည်ဘုရား။
အရှင်မြတ်တို့၏ စိတ်သန္တာန်၌ မြတ်စွာဘုရားရှင် သာသနာတော်၏ အသက်ကား ဝိနည်းတရားပင်ဖြစ်သည်ဟု ယုံကြည်ခြင်း သဒ္ဓါတရားရှိကြ သည့်အားလျော်စွာ ဝိနည်းဒေသနာတော်ကို ဦးစွာပထမ နှုတ်တက်အာဂုံ ဆောင်ကြကာ နက်နဲသော အနက်အဓိပ္ပာယ်သဘောတို့ကိုလည်း သိမြင် လေ့လာ လိမ္မာကျွမ်းကျင်လိုသော ကုသိုလ်ဆန္ဒ ထက်သန်စွာ ဖြစ်ရှိကြမည် ကို အလေးအနက်ထား သတိတရားလက်ကိုင်ထားလျက် သိမြင်ရင်း ရှိကြ သဖြင့် ဝိနယဘာသာ ဥဘတောဝိဘင်းကို တစ်ပိုင်း၊ ခန္ဓကပရိဝါရကို တစ်ပိုင်း နှစ်ပိုင်းခွဲခြား၍ အလွယ်တကူ အောင်ပန်းကို ဆွတ်ခူးရရှိနိုင်ကြ စေရန် ပြဋ္ဌာန်းသတ်မှတ်ခဲ့ကြပါသည်ဘုရား။
အရှင်မြတ်များသည် မကြာမီ အနာဂတ်ကာလ၌ သာသနာ့ရှေ့တန်းမှ စွမ်းစွမ်းတမံ သာသနာ့တာဝန်ကို အားသွန်ကြိုးပမ်းထမ်းဆောင်ကြရမည် ဧကန် အမှန်ပင်ဖြစ်ကြ၍ ဝိနယဓရ ဝိနယကောဝိဒ သာသနာ့သက်စောင့် ပုဂ္ဂိုလ်များပီပီ ဤသာသနာတော် အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးအတွက် ကျေးဇူးပြုကြမည့် ပုဂ္ဂိုလ်များ ထူးခြားစွာ ဧကန်အမှန်ပင် ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ကြ၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက ဝိနည်းကို အလေးထား စာပြန်စာဖြေ အရှင်မြတ်တို့လည်း ဆောင်အားရှိအောင် ပိုင်းခြားသတ်မှတ်ကာ အရှင်မြတ်များသည်လည်း သာသနာတော်၏အသက် ဆက်လက်ထမ်းပိုး တိုး၍ ရှည်ပါစေဟု နှလုံးသွင်းကောင်းထားကြလျက် ကြိုးစားပြန်ဆိုဖြေဆိုတော်မူကြလိမ့်မည်ဟု နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးမှ စာပြန်စာဖြေ အရှင်မြတ်တို့၏ ပါရမီကုသိုလ်ထူးကို ယုံကြည်ကိုးစား အားထားလျက်ရှိကြပါသည် ဘုရား။
အရှင်မြတ်တို့သည် ဝိနည်းပိဋကတ်ကို အထပ်ထပ်ရွတ်အံ ကြံစည်ပွား များ မှတ်သားကျင့်ကြံခြင်းဖြင့် သီလသမ္ပဒါကို လွယ်လင့်တကူ ဖြည့်ကျင့်နိုင် ကြပြီး သုတ္တန်ပိဋက၊ အဘိဓမ္မာပိဋကတို့ကို အထပ်ထပ်ရွတ်အံ ကြံစည် ပွားများ မှတ်သားကျင့်ကြံခြင်းတို့ဖြင့် သမာဓိသမ္ပဒါ+ပညာသမ္ပဒါနှစ်ဖြာတို့ကိုလည်း လွယ်ကူစွာကျင့်နိုင်ကြမည်ဖြစ်ပါသည်ဘုရား။ ဤနည်းအားဖြင့် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး ဘုရားသာသနာတော်သည် စာပြန်စာဖြေ အရှင်မြတ်တို့၏ လုံ့လဝီရိယဖြင့် ဆတက်ထမ်းပိုး တိုးတက်လင်းပြောင် အရောင်ပဝင်းထွန်းလင်းမည် ဧကန်အမှန်ပင် ဖြစ်ပါသည်ဘုရား။
အရှင်မြတ်တို့သည် အလဂဒ္ဒူပမ စာသင်နည်းကို ရှောင်ရှား နိဿရဏတ္ထ စာသင်နည်းကို လိုက်စားကြလျက် လေးပါးသော သမ္မပ္ပဓာန ဝီရိယခြေအစုံတို့ဖြင့် သီလသမ္ပဒါ အကျင့်မြတ်၌ ရပ်တည်ကြကာ သမာဓိ ပညာ သမ္ပဒါနှစ်ပါး နှစ်ဖက်သွား စိန်သန်လျက်ဖြင့် ကိလေသာမာရ်နတ်၏ စစ်သည်များကို ချိုးနှိမ်ပယ်သတ်၍ အရဟတ္တဖိုလ်အောင်နန်း ကို သိမ်းမြန်း စိုးစံနိုင်ကြောင်း နည်းလမ်းကောင်းကို အမှန်ရကြပြီဖြစ်ပါသည်။ သို့ဖြစ်သော ကြောင့် စာပြန်စာဖြေ အရှင်မြတ်တို့အနေဖြင့် ငါတို့သည် သာသနာတော်တွင် အဓိကကျသော သာသနာ့တာဝန်ကို ထမ်းဆောင်၍ သာသနာတော်ကို စောင့်ရှောက်နေသူများဖြစ်ကြသည်ဟု နှလုံးသွင်းကာ ဂုဏ်ယူဝမ်းမြောက်စွာ ဖြင့် အာဂုံရေးဖြေ ပြန်ဆို ဖြေဆိုကြရမည်ဖြစ်ပါသည် ဘုရား။
နိုင်ငံတော်အစိုးရအမှူးပြုသော ဒါယကာ ဒါယိကာမအပေါင်းတို့ အနေဖြင့်လည်း-
သာသနံ ပုညဝန္တဿ၊ ပုညဝန္တာဝ လဗ္ဘရေ။
နပ္ပပုညာ ကရဟစိ၊ ပဂ္ဂဏှိတု မဝိသယာ-
ဟူသော ရှေးပညာရှိ ဆရာတော်ကြီးများ၏ သြဝါဒမိန့်ကြားချက်အရ ဘုန်းရှင်ကံရှင် သမ္ဘာရှင် ဖြစ်တော်မူသော မြတ်ဗုဒ္ဓ၏သာသနာတော်မြတ်ကြီး ကို လိုအပ်ရာရာ အာမိသဖြင့် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းနေကြသော ငါတို့သည် ရှေးအခါက ဆည်းပူးခဲ့ ပြုခဲ့ဖူးသော ပါရမီဘုန်းကံရှိသူများ ဖြစ်သောကြောင့်သာ လှူဒါန်းထောက်ပံ့နေနိုင်ကြပေသည်ဟု သိရှိကြကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သင့်ကြပေသည်။
မြတ်ဗုဒ္ဓသာသနာနှင့် ကြုံကြိုက်ကြ၍သာ ဆရာဒကာ ဆိုင်ရာတာဝန်ကို ထမ်းရွက်ကြခြင်းဖြင့် ကုသိုလ်တရားများကို ဆည်းပူးရရှိကြပြီး ဖြစ်ပါသည်။ ထိုကုသိုလ်ကောင်းမှု၏ အရှိန်ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကြီး အေးချမ်းသာယာဖွံ့ဖြိုး၍ နိုင်ငံသူ နိုင်ငံသားအားလုံးတို့လည်း နိဗ္ဗာန် တိုင်ထိ သမ္ပတ္တိအကျိုးများ ရရှိနိုင်ကြပါစေ၊ စာပြန်စာဖြေ အရှင်မြတ်များလည်း နှုတ်တက်ရွရွ အာဂုံပြန်ဆိုနိုင်ကြပြီး သဘောရေးဖြေ စာမေးပွဲကိုလည်း ချောမောစွာ ရေးသားဖြေဆိုနိုင်ကြပါစေဟု ပတ္ထနာပြု၍ သာရဏီယသြဝါဒ ကထာကို နိဂုံးချုပ်အပ်ပါသတည်း။ ။

No comments:

Post a Comment