Monday, December 4, 2017

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် လွန်ဆွဲပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲများ ဆုချီးမြှင့်

Image may contain: 18 people, people smiling, outdoor
ရန်ကုန် ဒီဇင်ဘာ ၃
လူငယ်လူရွယ်များ ဘက်ပေါင်းစုံ၊ အလွှာပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ့အကျိုးသယ်ပိုးထမ်းရွက်နိုင်သော အနာဂတ် သားကောင်း ရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဝန်ကြီးဌာနငါးခုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသော ''လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်''ကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း၌ ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်ထိ သုံးရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ ယနေ့(နောက်ဆုံးနေ့)တွင်လည်း သက်ဆိုင်ရာဌာနပေါင်းစုံမှ တာဝန်ရှိသူများ၊ တက္ကသိုလ်ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ နယ်ပယ်ပေါင်းစုံမှ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု လေ့လာသူများဖြင့် ဆက်လက်စည်ကားခဲ့သည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ၊ အားကစား၊ စာပေ စသည့် ကဏ္ဍပေါင်းစုံဆိုင်ရာလှုပ်ရှားမှုများ ပါဝင်လျက်ရှိရာ ယင်းကဏ္ဍများထဲမှ ကဏ္ဍတစ်ခုဖြစ်သည့် အားကစား ဆိုင်ရာလှုပ်ရှားမှုသည်လည်း လူအများစိတ်ဝင်စားခဲ့ပြီး လာရောက်လေ့လာကြည့်ရှုသူများပြားခဲ့သည်။ အားကစား ကဏ္ဍသည် လူငယ်များနှင့် သက်ဆိုင်သော ကဏ္ဍတစ်ရပ် ဖြစ်ပြီး လူတိုင်းအတွက်လည်း အရေးပါသော ကဏ္ဍတစ်ခု ဖြစ်သည်။ အားကစားပြုလုပ်ရခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့် ကျန်းမာပျော်ရွှင်ခြင်း၊ ကာယ၊ ဥာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံ၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်နိုင်ကြောင်း သိရ သည်။
''အားကစားဆိုင်ရာပြိုင်ပွဲတွေကို ကလေးတွေအနေနဲ့ လေ့လာခွင့်ရအောင် ခေါ်ဆောင်လာခြင်းဖြစ်ပါတယ်၊ ကလေးတွေအနေနဲ့ ကျောင်းစာတစ်ခုတည်းပေါ်မှာ မဟုတ်ဘဲ အားကစားကဏ္ဍတွေဘက်မှာလည်း စိတ်ပါ ဝင်စားလာမယ်လို့ ယုံကြည်ပါတယ်၊ ကျောင်းမှာလည်း အားကစားအချိန်တွေ သီးသန့်သတ်မှတ်ပေးထားပါတယ်၊ ကျောင်းစာတစ်ခုတည်းက ဥာဏ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုသာ ရှိပါတယ်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ဖို့လည်း လိုအပ်ပါ တယ်၊ လူတစ်ယောက်မှာ အားကစားဟာ ၅ဝ ရာခိုင်နှုန်း လောက်ထိ အရေးပါမယ်လို့ ထင်ပါတယ်''ဟု ပုလဲစံပြ ကိုယ်ပိုင်အထက်တန်း ကျောင်းအုပ်ကြီး ဒေါက်တာ ကျော်သူထွန်းက ပြောသည်။
အဆိုပါ ပွဲတော်တွင် အားကစားပြိုင်ပွဲများအနေဖြင့် အမျိုးသား အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ကြံ့ခိုင်စွမ်းရည်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ် ပြိုင်ပွဲ၊ ဘတ်စကက်ဘောဂိုးသွင်းပြိုင်ပွဲ၊ သုံးချောင်းထောက် ပြေးပွဲများအပြင် ခြင်းလုံး၊ ဝူရှူး၊ ကျွမ်းဘား၊ သိုင်း၊ ကရာတေးဒိုအားကစားသရုပ်ပြပွဲများ ပါဝင်ပြသခဲ့ကြောင်း သိရသည်။
ထိုသို့ မြန်မာ့ရိုးရာအားကစားနည်းမျိုးစုံ ပါဝင်လျက် ရှိရာ ကစားနည်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရိုးရာ အားကစားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်ဥမ္မာသန်းက ''ထုပ်ဆီးတိုးကစားနည်း ပေါ်ပေါက်တာ နှစ်ပေါင်းရာချီနေပါပြီ၊ ထိုင်းထက် ထုပ်ဆီးတိုးနည်း မြန်မာနိုင်ငံကစောပါတယ်၊ အားကစားနည်းဥပဒေတွေရှိ ပါတယ်၊ စည်းခုနစ်စည်းနဲ့ တစ်ဖွဲ့မှာအုပ်ချုပ်သူ၊ နည်းပြ တစ်ယောက်စီ ကစားသမားခုနစ်ယောက် အရန် သုံးယောက်နဲ့ ဖွဲ့စည်းရပါတယ်၊ ထုပ်ဆီးတိုးနည်းဟာ လောပြီး ကစားလို့မရပါဘူး၊ လျင်မြန်ဖျတ်လတ် ကျန်းမာ ဖို့လည်းလိုပါတယ်။
လွန်ဆွဲပြိုင်ပွဲဆိုရင်လည်း စည်းလုံးညီညွတ်မှုကို ပြတာပါပဲ၊ စည်းစည်းလုံးလုံး အားနဲ့ပြိုင်တူဆွဲမှ နိုင်နိုင်မှာ ပါ၊ ဒီကစားနည်းက ရှေးမြန်မာမင်းများလက်ထက်ထဲက မိုးခေါင်ရင် ဆွဲကြတယ်လို့လည်း ကြားဖူးပါတယ်၊ နောက်ပိုင်းကျမှ စည်းစနစ်တွေထည့်ပြီးတော့ ကစားနည်း တစ်ရပ်လုပ်တာပါ၊ တစ်ဖက်ကို လူရှစ်ယောက်နဲ့ ပြိုင်ရ တာပါ၊ ဝိတ်တန်းတွေလည်း သတ်မှတ်ထားပါတယ်။
ခေါင်းအုံးရိုက်ကစားနည်းဆိုရင်လည်း ရှေးရိုးရာ ကစားနည်းပါ၊ ထူးထူးခြားခြား စည်းကမ်းသတ်မှတ် ထားတာတော့မရှိပါဘူး၊ ဆင်ထားတဲ့ဝါးလုံးပေါ်မှာ လူနှစ်ယောက်တက်ပြီး တစ်လှမ်းအကွာ ခေါင်းအုံးတစ်လုံးစီ ကိုင်ရိုက်ရတာပါ၊ ပြုတ်ကျတဲ့သူက အရှုံးပါ၊ သုံးချောင်း ထောက်၊ ဂုန်နီအိတ်စွပ်ကစားနည်းတွေကတော့ အခု နောက်မှပေါ်တဲ့ ကစားနည်းတွေပါ၊ ပျော်ပွဲရွှင်ပွဲတွေ လွပ်လပ်ရေးနေ့တွေမှာ ကစားတဲ့ကစားနည်းတွေပါ၊ သူကတော့ စည်းစနစ်ရယ်တော့မရှိပါဘူး၊ လဲသွားရင် အရှုံးပေါ့။
ဒီကစားနည်းတွေကို ကစားခြင်းအားဖြင့် မြန်မာ့ရိုးရာ အားကစားနည်းတွေကို ထိန်းသိမ်းရာလည်း ရောက်သလို ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုလည်း အများကြီးအထောက်အကူ ပြုပါတယ်၊ ဒါကြောင့် ကလေးတွေဟာ တခြား စိတ်လေလွင့်တာမရှိတော့ဘူး၊ မြန်မာ့ရိုးရာအားကစား နည်းတွေကို ပြန်လည်ဖော်ထုတ်ပြီးတော့ ကစားစေချင်ပါ တယ်၊ ကိုယ့်ရဲ့ရိုးရာကစားနည်းတွေကို ပြည်တွင်းမှာ တင်မကဘဲ ပြည်ပကိုထိုးဖောက်နိုင်ဖို့ လိုပါတယ်၊ အခု ဆိုရင် နိုင်ငံတကာကို ထိုးဖောက်နိုင်တာ လွန်ဆွဲကစား နည်းပါ''ဟု ရှင်းပြသည်။
မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများနှင့် သရုပ်ပြပွဲများ ကို နံနက်ပိုင်းနှင့် ညနေပိုင်း နှစ်ပိုင်းခွဲ၍ ကျင်းပလျက် ရှိရာ ယနေ့နောက်ဆုံးနေ့တွင် ကျင်းပသည့် ပြိုင်ပွဲများမှာ ပထမ၊ ဒုတိယ၊ တတိယနေရာလုပြိုင်ပွဲများဖြစ်ပြီး ထုပ်ဆီး တိုးနှင့် လွန်ဆွဲပြိုင်ပွဲများအတွက် ဆုကြေးများအနေဖြင့် ပထမဆု ငါးသိန်း၊ ဒုတိယဆု သုံးသိန်း၊ တတိယဆု နှစ်သိန်း သတ်မှတ်ထားသည်။ အခြားကစားနည်းဆုကြေး များကို သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်း သတ်မှတ် ထားကြောင်း သိရသည်။
ထုပ်ဆီးတိုးအမျိုးသမီးပြိုင်ပွဲတွင် ဆုများကို ဂျင်းကောင်းအသင်းမှ ပထမ၊Star အသင်းမှ ဒုတိယ၊ မျိုးဆက်သစ်အသင်းမှ တတိယရရှိခဲ့သည်။ လွန်ဆွဲပြိုင်ပွဲ အမျိုးသားအတွက် ဆုများကို ဗိုလ်အောင်ဒင်အသင်းမှ ပထမ၊ လှော်လုံးထိုးအသင်းမှ ဒုတိယ၊Tiger World အသင်းမှ တတိယရရှိခဲ့ပြီး လွန်ဆွဲအမျိုးသမီးဆုများကို ကာရံမြင့်မိုရ်အသင်းမှ ပထမ၊Storng Girls အသင်းမှ ဒုတိယ၊ ဘုတ်ဆုံမအသင်းမှ တတိယ အသီးသီး ရရှိခဲ့ ကြောင်း သိရသည်။
သတင်း- အေးမင်းသူ

No comments:

Post a Comment