Monday, December 4, 2017

လျှော်ပင်ပျော့ဖတ်မှ စက်ကိရိယာလွတ် ရှမ်းရိုးရာစက္ကူပြုလုပ်ပုံ လက်တွေ့သရုပ်ပြ

Image may contain: 4 people, people eating, people sitting, child, table, food and outdoor
ရန်ကုန် ဒီဇင်ဘာ ၃
ရှမ်းတိုင်းရင်းသားရိုးရာ လက်မှုလုပ်ငန်းဖြစ်သည့် ရှမ်းစက္ကူ ပြုလုပ်ပုံအဆင့်ဆင့်ကို ခေတ်မီစက်ကိရိယာ ပစ္စည်းများ မပါဘဲ လျှော်ပင်ပျော့ဖတ်မှ စက္ကူဖြစ်သည်အထိ လက်တွေ့ ပြုလုပ်ပြသခြင်းကို လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ထည့်သွင်းပြသခဲ့ရာ ပွဲတော်သို့လာရောက်သူ အများ အပြား စိတ်ပါဝင်စားစွာ အားပေးကြည့်ရှု လေ့လာခဲ့ ကြသည်။
''ရှမ်းတိုင်းရင်းသားလက်မှုလုပ်ငန်းလေးတစ်ခုပါ၊ ပထမဆုံးရှမ်းစက္ကူပြုလုပ်ဖို့ လျှော်ပင်ရဲ့အခေါက်တွေကို ခွာယူရပါတယ်၊ ရလာတဲ့အခေါက်တွေကို ရေစိမ်ပြီး ထင်း မီးသွေးနဲ့ နူးအိသွားအောင် ခြောက်နာရီကြာ ပြုတ်ပေးရပါ တယ်၊ အဲဒီလို နူးအိသွားတဲ့အခေါက်တွေကို ရေနဲ့ဆေးပြီး လျှော်ခေါက်တွေကို စက္ကူတစ်ချပ်စာ နှစ်လက်မ၊ သုံးလက်မ ပတ်လည်ပုံစံအရွယ်ရအောင် လုံးပေးရပါတယ်၊ ပြီးရင် စက္ကူတစ်ချပ်စာ လျှော်လုံးတွေကို မွှေပေးရပါတယ်၊ မွှေပြီးသားလျှော်တွေကို ပုံစံခွက်ထဲထည့် မျက်နှာပြင် ညီအောင်ဖြန့်ခင်းပြီး ရေကိုမြုပ်ရုံ ဖြည်းဖြည်းလောင်းချရ ပါတယ်၊ ပြီးရင် ထည့်ချင်တဲ့ပန်းဖတ်လွှာလေးတွေကို ထည့်ပြီး ရေကိုပိုက်နဲ့ဖောက် ဖယ်ထုတ်ပြီး စစ်ယူရပါတယ်၊ အဲဒီလို ရေစစ်ပြီးသား စက္ကူတွေကို နေပူထဲမှာအခြောက်ခံ လှန်းထားရပါတယ်၊ ခြောက်သွားရင်တော့ လိုချင်တဲ့စက္ကူ တစ်ချပ်ရပါပြီ''ဟု ဦးထွန်းဦး ရှမ်းပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနာမှူး(တောင်ကြီးမြို့)က ရှင်းပြသည်။
ရှမ်းစက္ကူပြုလုပ်ရာတွင် အသုံးပြုသည့် လျှော်ပင် သည် ရှမ်းရိုးမတောင်တန်းတစ်လျှောက်တွင် ပေါက်ရောက် လေ့ရှိသော အပင်မျိုးဖြစ်ပြီး တောင်ယာခုတ်သူများထံမှ လျှော်ခေါက်တစ်ပိဿာလျှင် ငွေကျပ် ၁၅ဝဝ ခန့်ဖြင့် ဝယ်ယူရကြောင်း သိရသည်။ ရှမ်းစက္ကူဖြင့် လူသုံးကုန် ပစ္စည်းများဖြစ်သော ရိုးရာထီး၊ မီးပုံး၊ မီးပုံးပျံ မီးပုံးကြီး၊ စာအိတ်၊ စာအုပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အပါအဝင် နံရံကပ်စက္ကူနှင့် ယပ်တောင်စသည့် အမှတ်တရပစ္စည်းများ ပြုလုပ်ကြောင်း သိရသည်။
ရှမ်းရိုးရာလက်မှုပစ္စည်းတစ်ခုဖြစ်သည့် ရှမ်းစက္ကူကို ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ပင်းတယမြို့၊ မိုင်းကိုင်မြို့ တို့အပြင် ယခုအခါ အေးသာယာမြို့တွင်ပါ အိမ်တွင်းလုပ် တစ်နိုင်တစ်ပိုင် မိသားစုစီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်လေ့ရှိကြပြီး ရှမ်းစက္ကူဖြင့်ပြုလုပ်သော အမှတ်တရ ပစ္စည်းများကို ရှမ်းပြည်နယ် အင်းလေးဒေသသို့ လာရောက်သော ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် များနှင့် ဟိုတယ်များကပါ ဝယ်ယူကြကြောင်း သိရသည်။
အဆိုပါ ရှမ်းရိုးရာစက္ကူပြုလုပ်ခြင်း လက်တွေ့သရုပ်ပြ အစီအစဉ်ကို နိုင်ငံတော်ကပြုလုပ်သော လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်တွင် သုံးရက်တိုင်တိုင် ပြသခဲ့ပြီး လက်တွေ့သရုပ်ပြခြင်းနှင့်အတူ လာရောက်ကြည့်ရှုလေ့လာ သူများအား ရှမ်းစက္ကူပြုလုပ်နည်းများအကြောင်းကိုပါ ရှင်းပြပေးခဲ့သည်။
သတင်း- အောင်ကျော်ဦး၊
ဓာတ်ပုံ- ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment