Sunday, December 3, 2017

သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲမှ ရင်တွင်းစကားသံများ

Image may contain: 1 person, smiling
မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် ၁၃၇၉ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပ သည်။ သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာကြသည့် ကန်တော့ခံသက်ကြီးစာပေပညာရှင်များနှင့် တာဝန်ရှိသူတို့၏ ရင်တွင်းစကားသံများကို မြန်မာ့သတင်းစဉ်မှ မေးမြန်းထားပါသည်။
ဦးမောင်မောင်စိုး (ရန်ကုန်မြို့တော်ဝန်)
ဒီလိုပွဲမျိုးက လုပ်သင့်လုပ်ထိုက်တဲ့ပွဲပါ။ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က တလေးတစားနဲ့ ကန်တော့တယ်။ လူကိုယ်တိုင်တော့ မလာနိုင်ဘူး။ ဒါပေမယ့် လှူဖွယ်ပစ္စည်းတွေကန်တော့တဲ့အတွက် ကြည်နူးရတယ်ပေါ့ဗျာ။ ပြည်သူရယ်၊ တပ်မတော်ရယ်၊ စာပေရဲ့အမိုးကြီးအောက်မှာ အတူတူရှိနေကြ တယ်။ စာတတ်ပေတတ် ပညာရပ်တောထဲမှာ အတူတူရှိနေကြတယ်ဆိုတာ တကယ့်ကိုကြည်နူးစရာပါ။
လူတွေရဲ့ ကောင်းကျိုးကိုလုပ်ပါလို့ ကျွန်တော်အမြဲတမ်းပြောတယ်။ ဒီလိုကောင်းကျိုးတွေ ဘယ်ကလာသလဲဆိုရင် ဥာဏ်ကလာတယ်။ ပညာရပ်က လာတယ်။ ဥာဏ်ပညာရဲ့ရေသောက်မြစ်က စာပေပဲ။ စာပေမှ မတင့်တယ်ဘူး ဆိုရင် လူမျိုးလည်း မမြင့်နိုင်ဘူး၊ ဒါ့ကြောင့် လူငယ်တွေအနေနဲ့ စာများများ ဖတ်စေချင်တယ်။ စာဖတ်တဲ့အခါမှာလည်း လူတွေရဲ့ကောင်းကျိုးအတွက် မေတ္တာထားဖတ်စေချင်တယ်။ စာဖတ်ပြီး မေတ္တာမထားနိုင်ရင် အလကားပဲ။
မေတ္တာနဲ့ယှဉ်ပြီး စာဖတ်ကြရင် ကမ္ဘာလောကဟာ ငြိမ်းချမ်းပြီး မတိုး တက်နိုင်စရာ မရှိဘူး။ ကျွန်တော်တို့အခုဖြစ်နေတဲ့ ပြဿနာတွေက အဲဒီအပေါ် မှာ အရင်းခံတယ်။ စာဘယ်လောက်တတ်တတ် မေတ္တာမထားနိုင်ဘူးဆိုရင် မအေးချမ်းနိုင်ဘူး။ ဒါပေမယ့် စာများများဖတ်လို့ရှိရင် အတ္တက လျော့လျော့သွား တယ်။ လူငယ်တွေကို စာလည်းဖတ်ကြပါ။ လူတွေရဲ့ ကောင်းကျိုးကိုလည်း လုပ်ကြပါ။ ဘယ်သူ့အတွက်ဖြစ်ဖြစ် မေတ္တာထားပြီးလုပ်ပေးမယ်ဆိုရင် တိုင်းပြည်တိုးတက်ပါမယ်။ အဲဒီလို တိုင်းပြည်တိုးတက်ဖို့ဆိုတာကလည်း စာပေက အဓိကအခြေခံပါတယ်။
ဒေါက်တာသန်းဦး
၁၉၅ဝ ပြည့်နှစ်လောက်ကတည်းက ရန်ကျော်တို့၊ လင်းယုန်တို့၊ လူထုတို့မှာ စာရေးခဲ့တာပါ။ အခုထက်ထိလည်း ရေးတုန်းပါပဲ။ စာရေးတဲ့သူတွေ ရေးဖော် ရေးဖက်ပုဂ္ဂိုလ်တွေ ပြန်ဆုံရတဲ့အတွက် ဝမ်းမြောက်ပါတယ်။ စာပေပညာရှင် တွေကို အခုလို ကန်တော့ရတဲ့အတွက် အလွန်ဝမ်းမြောက်ပါတယ်။ ကိုယ့် မျိုးဆက်သစ်စာရေးဆရာတွေကို တာဝန်လွှဲပြောင်းပေးချင်တယ်။ လူငယ် မျိုးဆက်သစ်တွေအနေနဲ့ ကြိုးစားပါလို့ ပြောချင်တယ်။
တိုတိုပြောရရင် ကြိုးစား၊ ရိုးသား၊ နိုးကြားပါလို့ပြောချင်တယ်။ ရိုးရာ ယဉ်ကျေးမှု သမိုင်းအစဉ်အလာမပျက်၊ စာပေအစဉ်အလာမပျက် ပညာအစဉ် အလာမပျက် သုံးခုကို ထိန်းပါလို့ပြောချင်တယ်။ နိုင်ငံကြီးလည်း ငြိမ်းချမ်းပါစေ၊ ဖွံ့ဖြိုးတိုးတက်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ အခုလိုပွဲမျိုးလုပ်ပေးတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ မျိုးဆက်သစ်တွေအနေနဲ့ စာပေကို များများဖတ်ပါ၊ ဗဟုသုတတွေ တိုးပွားလာပါမယ်လို့ပြောချင်ပါတယ်။
ဦးဝင်းမောင်(မင်းယုဝေ)
အခုလို သက်ကြီးစာဆိုတွေကို ကန်တော့တယ်ဆိုတာ မြန်မာပြည်တစ်ပြည် ပဲ ရှိတာပါ။ ကမ္ဘာမှာ မရှိပါဘူး။ မြန်မာက ထူးထူးချွန်ချွန်လုပ်နိုင်တာကို ဂုဏ်ယူလို့ မဆုံးပါဘူး။ မင်္ဂလာတရားတော်နဲ့အညီ ကန်တော့ကြတဲ့အတွက် မိမိထက်အသက်၊ ဝါကြီးတဲ့သူတွေကို ကန်တော့ခြင်းဟာ မြတ်စွာဘုရားမင်္ဂလာ တရားတော်နဲ့ အလွန်ညီညွတ်ပါတယ်။ ဗဟုသုတဆိုတဲ့ သုတစာပေတွေ များနေတယ်။ ရသစာပေကနည်းနေတယ်။ ဒါ့ကြောင့် ရသစာပေတွေလည်း ရေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ လူငယ်တွေ စာဖတ်နည်းကြတယ်။ စာတွေ များများ ဖတ်ကြပါ၊ လူတွေစာဖတ်များလာအောင် လှုံ့ဆော်ပေးကြပါ။
ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)
ကန်တော့ရတဲ့အတွက် အင်မတန်ဝမ်းသာ ကြည်နူးမှုဖြစ်ပါတယ်။ ဆရာ ကြီးတွေကို ထိုက်ထိုက်တန်တန် ပူဇော်ကန်တော့ခံနိုင်အောင် အစွမ်းကုန် ကြိုးစားခဲ့တဲ့အတွက် အားလုံးပြည့်စုံအောင် ကန်တော့နိုင်ခဲ့ပါတယ်။ ကိုယ်တိုင် ကာယကံမြောက် လာပြီးကန်တော့ချင်လို့ လာကန်တော့တာပါ။ လူငယ်စာရေး ဆရာတွေကို ပြောချင်တာကတော့ စာတွေများများ ကိုယ်တိုင်လည်းဖတ်ပါ။ များများတွေးပြီးတော့ များများရေးပါ။ ရေးသမျှလည်း လူများရဲ့ကောင်းကျိုး အတွက် စေတနာနဲ့ရေးနိုင်တဲ့ စာကောင်းများ ဖြစ်ပါစေလို့ ပြောချင်ပါတယ်။
လူငယ်တွေ ဗဟုသုတတိုးတက်ဖို့ စာများများဖတ်ပါလို့၊ စာတွေအများကြီး ဖတ်ရင် ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ပြီးသား ဖြစ်ပါတယ်။ စာဖတ်ပြီး မြင့်လာရင် ကိုယ့်ပတ်ဝန်းကျင်က လူတွေကို စာဖတ်သူတွေဖြစ်အောင် မြှင့်တင်ကြိုးပမ်း ပေးကြပါ။ တိုင်းပြည်နဲ့လူမျိုးအတွက် လူငယ်တွေ ကောင်းကျိုးပြုပြီး အောင်မြင် ပါစေလို့ ပြောချင်ပါတယ်။
ဒေါက်တာရီရီလှ (ယုဝတီခင်ဦး)
ဒီကန်တော့ပွဲက နှစ်စဉ်ကျင်းပပါတယ်။ တက်ရောက်ရတဲ့အတွက် ဝမ်းသာပါတယ်။ စာရေးဆရာတွေပြန်လည်ဆုံတွေ့ရတယ်။ မျိုးဆက်သစ်လူငယ် တွေ စာဖတ်ရမှာပါ။ အခု စာပေပွဲတော်တွေလုပ်ပေးတာ သိပ်ဝမ်းသာတယ်။ စာဖတ်မှ သူတို့လေးတွေရဲ့ အနာဂတ်တွေကောင်းမယ်၊ ထူးချွန်မယ့် လူ့အရင်း အမြစ်တွေဖြစ်မယ်။ စာပေက အင်မတန်မှ အရေးကြီးတယ်။ စာပေပွဲတော်တွေ၊ လူငယ်တွေ၊ လူရည်ချွန်တွေကို ပွဲတော်တွေ လုပ်ပေးခြင်းအားဖြင့် နိုင်ငံတော် ကြီး အစစအရာရာ တိုးတက်မှာပါ။ ပညာအလိမ္မာစာပေရှိမှ စာပေ၊ ယဉ်ကျေးမှု တိုးတက်မှာပါ။
ဦးမောင်မောင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း)
ဒီလိုကန်တော့တယ်ဆိုတာက မင်္ဂလာတစ်ပါးပါပဲ။ စာရေးဆရာတွေ တစ်နှစ်တစ်ခါတွေ့ဖို့ လုပ်ပေးတဲ့ တာဝန်ရှိသူတွေ၊ အလှူရှင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အရေးကြီးတာက လူငယ်တွေ စာဖတ်ဖို့ပဲ။ စာမဖတ်ရင် စာရေးတဲ့အခါမှာတောင် တန်ဖိုးမြင့်တဲ့စာမဖြစ်နိုင်ဘူး။ စာများများဖတ်လေ တန်ဖိုးရှိလေပဲ။ ဒါ့ကြောင့် အားလုံးကို ပြောချင်တာက စာများများဖတ်ပါလို့။ စာဖတ်ခြင်းအားဖြင့် ဘက်စုံတိုးတက်နိုင်မယ်။ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌအနေနဲ့ စာမတတ်သူ ပပျောက်ရေး ဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်နေတယ်။ ကျေးရွာစာကြည့်တိုက်တွေဖွံ့ဖြိုးဖို့ အများကြီး လုပ်နေ တယ်။ မြို့ပြတင်မက ကျေးရွာက ပြည်သူတွေလည်း စာဖတ်ပြီး စာတတ်မှ တိုင်းပြည်တိုးတက်မယ်။ မဟုတ်ရင် အလိမ်ခံနေရမယ်။ ဒါကြောင့် စာဖတ်ဖို့ကို အဓိက ဦးစားပေးပြောချင်ပါတယ်။
သတင်း-ရီရီမြင့်၊ ဥမ္မာသန့်၊ ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment