Sunday, December 3, 2017

မြန်မာနိုင်ငံ စာဆိုတော်နေ့တွင် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲ ကျင်းပ

Image may contain: 3 people, crowd and outdoor
ရန်ကုန် ဒီဇင်ဘာ ၂
၁၃၇၉ ခုနှစ် စာဆိုတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံစာရေးဆရာအသင်းက သက်ကြီးစာပေပညာ ရှင်များအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)က စာဆိုတော်နေ့အထိမ်း အမှတ် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ ပွဲ အောင်မြင်စွာကျင်းပနိုင်ခြင်းနှင့်စပ်လျဉ်း၍ နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်း ဘဏ္ဍာ ငွေရှာဖွေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် ဝိုင်းဝန်းလှူဒါန်းကြသော စေတနာရှင်အလှူရှင်များ စာရင်း ကို ဖတ်ကြားပြီး ကန်တော့ခံသက်ကြီးစာပေပညာရှင်များ အား အသင်းအတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က ကန်တော့ချိုးဖြင့် တိုင်တည်ပေးကာ ဧည့်ပရိသတ်များက လက်အုပ်ချီမိုးကန်တော့ကြသည်။
ထို့နောက် လှူဖွယ်ပစ္စည်းများကို လှူဒါန်းကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)နှင့် တာဝန်ရှိသူများက သက်ကြီးစာပေပညာရှင် ၂၁၆ ဦး အတွက် အလှူငွေနှင့်ပစ္စည်းများကို စာပေပညာရှင်များထံ လက်ဝယ်အရောက် ပေးအပ်သည်။
ထို့နောက် ဆရာကြီး ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)က ကန်တော့ခံသက်ကြီး စာပေပညာရှင်များကိုယ်စား သြဝါဒစကားပြောကြားသည်။
ယနေ့ ပူဇော်ကန်တော့ပွဲတွင် နိုင်ငံတော်သမ္မတရုံးမှ လှူဒါန်းငွေကျပ် ၆၄၅ဝဝဝဝ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငွေကျပ် ၄၃၂ဝဝဝဝ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ငွေကျပ် ၂၁၅ဝဝဝဝ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီက ငွေကျပ်သိန်း ၂ဝ၊ မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းက ငွေကျပ် ၁၅ သိန်း၊ ဒေါက်တာ တင်ထွန်းဦး-ဒေါက်တာခင်မို့မို့ (စွယ်စုံမီဒီယာဂရုပ်)က ငွေကျပ် ၁၅ သိန်း၊ ဒေါက်တာဦးလှမောင် ဖောင်ဒေးရှင်း (သံအမတ်ကြီး-ငြိမ်း)က ငွေကျပ် ၁၅ သိန်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ငွေကျပ် ၁ဝ သိန်း၊ မဟာသရေ စည်သူဗိုလ်ချုပ်ကြီးစိုးဝင်း(ငြိမ်း)-ဇနီး ဒေါ်သန်းသန်းနွဲ့ (မလေး-မုံရွာ) သားသမီးမြေးတစ်စုက ငွေကျပ် ၁ဝ သိန်း စသည်ဖြင့် ငွေသားအလှူရှင် ၁၂၂ ဦးက ငွေကျပ် ၃၂၉၈၂ဝဝဝ၊ ပစ္စည်းအလှူရှင် ၁၄ ဦးက ငွေကျပ် ၇၅ ၉၉၄ဝဝ စုစုပေါင်းအလှူရှင် ၁၃၆ ဦးက ငွေနှင့် ပစ္စည်း အပါအဝင် ငွေကျပ် ၄ဝ၅၈၁ဝဝဝ အပြင် ရွှေသံလွင်မီဒီယာ ဂရုပ်က ကန်တော့ခံသက်ကြီးစာပေပညာရှင် ၂၁၆ ဦး အတွက်Sky Netရုပ်/သံဖမ်းစက်တစ်လုံးစီ လှူဒါန်းကြရာ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)က လက်ခံသည်။
သတင်းစဉ်

No comments:

Post a Comment