Monday, December 4, 2017

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် နောက်ဆုံးနေ့ ကျင်းပ ကျောင်းသား ကျောင်းသူများသာမက လူထုတစ်ရပ်လုံး နွှဲပျော်ခဲ့

Image may contain: 15 people, people smiling, outdoor
ရန်ကုန် ဒီဇင်ဘာ ၃
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် တတိယနေ့ကို ယနေ့တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ကျင်းပသည်။ ၁၉၂ဝ ခုနှစ်တွင် စတင် မွေးဖွားလိုက်သည့် ရန်ကုန်တက္ကသိုလ်ကြီး၏ (၉၇)နှစ်မြောက် မွေးနေ့ အခါသမယဖြစ်ပြီး ယနေ့ နောက်ဆုံးနေ့သည် အများပြည်သူ ရုံးပိတ်ရက် တနင်္ဂနွေနေ့ဖြစ်သည့်အားလျော်စွာ ရှေ့နှစ်ရက်ကထက် ပိုမိုစည်ကားခဲ့သည်။
သစ်ပုပ်ပင်အနီးတွင် မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် အတူ နာမည်ကျော်တေးသံရှင်များဖြစ်ကြသည့် ရတနာဦး၊ ရှင်ဖုန်း၊ ဂျင်းနီတို့အပါအဝင် တေးသံရှင်ပေါင်းများစွာတို့၏ ဖျော်ဖြေမှုများကို လူငယ်ကျောင်းသား ကျောင်းသူများ တပျော်တပါး ကြည့်ရှုအားပေး ကြသည်။
စာပေဆိုင်ရာလှုပ်ရှားမှုများအဖြစ် သစ်ပုပ်ပင်အနီးနှင့် သိပ္ပံ ခန်းမရှေ့တို့၌ စာအုပ်ဈေးရောင်းပွဲတော်များ ခင်းကျင်းပြသခြင်း၊ ကဗျာရွတ်ဆိုပွဲများ၊ ရှားပါးစာအုပ်များခင်းကျင်းပြသခြင်း၊ ထင်ရှား သောစာရေးဆရာကြီးများ၏ ဓာတ်ပုံများခင်းကျင်းပြသခြင်းနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲသည်လည်း လူငယ်ကျောင်းသား ကျောင်းသူများ အတွက် စိတ်ဝင်စားစရာ၊လေ့လာကြည့်ရှုစရာ ဖြစ်ခဲ့သည်။
မွန်းလွဲပိုင်းတွင် စီးပွားရေးတက္ကသိုလ် ပင်လုံဆောင် နီလာရတုခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲ၊ ''ဒစ်ဂျစ်တယ်Library နှင့် စာပေလိုက်စားလူငယ်များ'' ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲနှင့် RC ခန်းမ၌ လူငယ်အဆိုတော် မိစန္ဒီနှင့် စာရေးဆရာမ ပုညခင်တို့၏ ''အနု ပညာလိုက်စားလူငယ်များ'' ခေါင်းစဉ် ဖြင့် ဟောပြောပွဲတို့ကို ကျင်းပရာ လူငယ်များ ခန်းမပြည့်သည်အထိ စိတ်ဝင်တစားတက်ရောက်ပြီး ပါဝင် ဆွေးနွေးကြသည်။
အားကစားဆိုင်ရာလှုပ်ရှားမှုများအဖြစ် စစ်ကိုင်းဆောင်နှင့် ပဲခူးဆောင် ရှေ့တို့၌ လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုး ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ကြံ့ခိုင် စွမ်းရည်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြေးပွဲ၊ သုံးချောင်းထောက် ပြေးပွဲနှင့် ဘတ်စကက်ဘော ဂိုးသွင်းပြိုင်ပွဲတို့ကို ကျင်းပရာ လူငယ်များပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
အနုပညာဆိုင်ရာ လှုပ်ရှားမှုများ အဖြစ် ဝိဇ္ဇာခန်းမရှေ့နှင့် ဝိဇ္ဇာခန်းမ အတွင်း၌ မြန်မာ့မင်္ဂလာယိမ်းအက၊ မွန်ရိုးရာ ဟင်္သာယိမ်းအက၊ စည်တို ယိမ်းအက၊ ရခိုင်တိုင်းရင်းသားရိုးရာ အက၊ ဗွေးတုတ်ယိမ်းအက၊ ရှမ်း တိုင်းရင်းသားရိုးရာ ကိန္နရီ-ကိန္နရာ အက၊ ရုပ်သေးသူငယ်တော်အက၊ မြန်မာမြန်မာ စုပေါင်းအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး လူ၊ ဓာတ်ပုံ၊ ပုံတူပန်းချီ Portrait ရေးဆွဲခြင်း၊ ရုပ်ပြောင်ပုံများ Caricature ရေးဆွဲ ခြင်း၊ ပို့စကတ်များရေးဆွဲခြင်းတို့ကိုလည်း ထည့်သွင်းစီစဉ်ထားရာ လူငယ် များ စိတ်ဝင်တစား ကြည့်ရှုအားပေး ကြသည်။
အသိပညာပေးအစီအစဉ်များ အဖြစ် ဝိဇ္ဇာခန်းမရှေ့၌ တိုင်းရင်းသား မျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှု၊ ရိုးရာတူရိယာများ၊ ရိုးရာအစားအစာ များနှင့် Landmarkများ၏ ဓာတ်ပုံ များနှင့် ဗီဒီယိုပြသခြင်း၊ တိုင်းရင်းသား (၈)မျိုးတို့၏ အမျိုးသား၊ အမျိုးသမီး ဝတ်စုံများကို ရုပ်တုများတွင် ဝတ်ဆင်၍ ထင်ရှားသည့် တူရိယာများနှင့်အတူ ခင်းကျင်းပြသခြင်း၊ မြန်မာတိုင်းရင်း သားဝတ်စုံများ ဝတ်ဆင်၍ ဓာတ်ပုံ ရိုက်ခြင်း၊ ဥာဏ်စမ်းပဟေဠိ မေးခွန်း များ ဖြေဆိုခြင်းနှင့် တိုင်းရင်းသား အမျိုးသား အမျိုးသမီးရုပ်တုများတွင် ဓာတ်ပုံရိုက်ကူးခြင်း အစီအစဉ်များ ပါဝင်ရာ ကျောင်းသား ကျောင်းသူ လူငယ်များ ပျော်ရွှင်စွာ ဓာတ်ပုံ ရိုက်ကူးရင်း လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော်ကို နွှဲပျော်ခဲ့ကြသည်။
Science Fair ပြခန်းများပြသခြင်း အဖြစ် ဘွဲ့နှင်းသဘင်ခန်းမနှင့် စီးပွားရေးတက္ကသိုလ်ကြားရှိ ပြခန်း များတွင် လူငယ်များတီထွင်ပြသထား သည့် သိပ္ပံပစ္စည်းများနှင့် အိုင်တီ ပစ္စည်းများကလည်း လူငယ်များ သာမက လာရောက်ကြည့်ရှုလေ့လာ သူတို့၏ စိတ်ဝင်စားစရာဖြစ်ခဲ့သည်။
စီးပွားရေးတက္ကသိုလ်ရှေ့၌ ခင်းကျင်း ပြသထားသည့် အလုပ်အကိုင်အခွင့် အလမ်းပြခန်းများကလည်း ယခင်နေ့ ရက်များကထက် လေ့လာကြည့်ရှုသူ များပြားခဲ့သလို အဓိပတိလမ်းမ တစ်လျှောက်တွင် ပြသထားသည့် လူငယ်စံပြရိပ်သာ၊ မူးယစ်ဆေးဝါး ပညာပေးပြခန်းများ၊ ကလေးသူငယ် စွန့်ပစ်မှု ပပျောက်ရေးဆိုင်ရာ ပြခန်း များအပါအဝင် အသိပညာပေးပြခန်း များသည် လူငယ်များအတွက် စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် သည် လူငယ်များအတွက် အသိပညာ ဗဟုသုတများ ဖြည့်ဆည်းပေးရုံ သာမက လူငယ်ထုတစ်ရပ်လုံး ပျော်ရွှင်နိုင်ရေးအတွက် ပျော်ပွဲရွှင်ပွဲ များကိုလည်း စီစဉ်ဆောင်ရွက်ထား သည်။
ပွဲတော်ကြီးကျင်းပရာ ရန်ကုန် တက္ကသိုလ် သန့်ရှင်းသာယာစေရန် လည်း ''သင့်အမှိုက်တစ်စကြောင့် ရန်ကုန်မြို့အလှ မပျက်စီးပါစေနှင့်၊ မြို့တော်သန့်ရှင်းလှပဖို့ အားလုံး ပူးပေါင်းပါဝင်စို့'' ဆိုသည့် ပိုစတာများ ကိုင်ဆောင်၍ လူငယ်ကျောင်းသား ကျောင်းသူများသည် စုပေါင်းအမှိုက် ကောက်ခြင်းဖြင့် ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့ကြသည်။
မြန်မာလူငယ်များ အချင်းချင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ နှင့် ကျင့်ဝတ်တန်ဖိုးများ မျှဝေနိုင်ရန် နှင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်း အား ၎င်းတို့၏ အတွေးအမြင်ကောင်း များဖြင့် အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် ရည်ရွယ်ချက် များနှင့် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက် အထိကျင်းပခဲ့သည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်သည် လူငယ် ကျောင်းသား ကျောင်းသူများသာမက လူထုတစ်ရပ်လုံး နွှဲပျော်သည့် ပွဲတော် ကြီးအဖြစ် အောင်မြင်စည်ကား သက်ဝင်ခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment