Monday, December 4, 2017

စာပေဗိမာန်ရှားပါးစာအုပ်များ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ပြသထား

Image may contain: 9 people, outdoor
ရန်ကုန် ဒီဇင်ဘာ ၃
ရန်ကုန်တက္ကသိုလ်၌ သုံးရက်တာ ကျင်းပသည့် လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေဗိမာန်က ၁၉၅ဝ ခုနှစ်ဝန်းကျင်က ထုတ်ဝေခဲ့သော ထင်ရှားသည့် ရှားပါးစာအုပ်များကို ပြခန်းတွင်ပြသထား သည်။
''ထင်ရှားတဲ့ စာရေးဆရာကြီးတွေဖြစ်ကြတဲ့ မောင်ထင်၊ တက်တိုး၊ မင်းယုဝေ၊ ဇော်ဂျီစတဲ့ စာရေးဆရာကြီး ၁ဝဝ ကျော်ရဲ့ ရှားပါးလက်ရာတွေပါဝင်ပါတယ်၊ စာပေအမျိုး အစားတွေကတော့ စာပေဗိမာန်မဂ္ဂဇင်းတွေ၊ မြန်မာ့စွယ်စုံ ကျမ်း၊ လူထုသိပ္ပံကျမ်း၊ နှစ် ၅ဝ ကမ္ဘာ့ရေးရာ၊ ယဉ်ကျေးမှု ရေးရာ၊ သိပ္ပံရေးရာ၊ လူမှုရေးရာ၊ သယ်ယူပို့ဆောင်ရေးရာ အစရှိတဲ့ အပြင်မှာတကယ်တမ်းရှာဖွေဖို့မလွယ်တော့တဲ့ စာပေအမျိုးအစားတွေ ဖြစ်ပါတယ်'' ဟု စာပေဗိမာန် ပြည်သူ့ စာကြည့်တိုက် စာကြည့်တိုက်မှူး ဦးကျော်ခိုင်ဝင်း က ပြောသည်။
ယခုခင်းကျင်းပြသထားသည့် စာအုပ်များတွင် စာပေဗိမာန်က ပြန်လည်ထုတ်ဝေရန် အစီအစဉ်မရှိသေး သည့် စာအုပ်များပါဝင်ကြောင်း သိရသည်။ ထို့ပြင် စာပေ ဗိမာန်က ကြီးမှူးကျင်းပသည့် စာတမ်းဖတ်ပွဲများမှ စာတမ်း များဖြစ်သည့် ဇာတိမာန်စာပေစာတမ်း၊ ဘာသာပြန်စာတမ်း၊ ဂန္ထဝင်စာပေစာတမ်း၊ မြန်မာ့ရည်ညွှန်းကျမ်း၊ သုတ ပဒေသာစာတမ်း၊ ဝတ္ထုရှည်စာတမ်း၊ ကလေးစာပေ၊ လူငယ်စာပေ၊ ခရီးသွားစာပေစသည့် စာပေအစုံကိုလည်း ပြသထားကြောင်း သိရသည်။
''အခုပြသထားတဲ့စာအုပ်တွေကို လာရောက်လေ့လာ ဖတ်ရှုလိုတဲ့ စာပေဝါသနာရှင်တွေအနေနဲ့ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်မှာ တနင်္လာနေ့ကနေ သောကြာနေ့ အထိ နံနက် ၁ဝ နာရီကနေ ညနေ ၄ နာရီခွဲအထိနဲ့ စနေနေ့မှာ နံနက်ပိုင်းနေ့ဝက်အထိ လာရောက်ဖတ်ရှု နိုင်ပါတယ်''ဟု စာကြည့်တိုက်မှူး ဦးကျော်ခိုင်ဝင်းက ပြောသည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း စာအုပ် အရောင်းဆိုင်ကိုလည်း ဖွင့်လှစ်ထားသည်။
အရောင်းတာဝန်ခံ ဦးထိန်လင်းက စာအုပ်အချို့ကို ၅ဝ ရာခိုင်နှုန်းလျှော့ရောင်းပေးလျက်ရှိကြောင်း၊ လူငယ် တော်တော်များများက အင်္ဂလိပ်စကားပြောစာအုပ်နှင့် စာပေဗိမာန်က သင်္ချာဥာဏ်စမ်းစာအုပ်များကို ဝယ်ယူ မှုများကြောင်း၊ ဘာသာပြန်ရည်ညွှန်း၊ မြန်မာ့စွယ်စုံကျမ်း အပြင် ကျောက်စာအကြောင်း ရေးသားထားသည့်စာအုပ် များကိုလည်း လေ့လာကြကြောင်း ပြောသည်။
ယနေ့သည် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် နောက်ဆုံးနေ့ဖြစ်သည့်အားလျော်စွာ စာပေဝါသနာရှင် လူငယ်များ လာရောက်လေ့လာသူ လူငယ်များနှင့် စည်ကား လျက်ရှိသည်။
သတင်း - ဥမ္မာ၊ စန္ဒီ

No comments:

Post a Comment