Monday, December 4, 2017

ထားဝယ်ခရိုင် ဆင်ဖြူပြင်ဆိပ်ကမ်းအနီး၌ တည်ဆောက်မည့်ငါးလေလံဈေးမြေနေရာအား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကြည့်ရှု

Image may contain: 5 people, people standing, sky, outdoor and nature
နေပြည်တော် ဒီဇင်ဘာ ၃
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဦးအုန်းမောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်တို့နှင့်အတူ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင် ဆိပ်ကမ်းအနီး တည်ဆောက်ရန် လျာထားသည့် ငါးလေလံဈေးမြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတနှင့်အဖွဲ့သည် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဆင်ဖြူပြင် ဆိပ်ကမ်းအနီး ငါးလေလံဈေး တည်ဆောက်ရန် လျာထားသည့် မြေနေရာသို့ နံနက် ၈ နာရီတွင် ရောက်ရှိကြရာ ရှင်းလင်းဆောင်၌Global Grand Service ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာနှင့် တာဝန်ရှိသူများက ငါးလေလံဈေးနှင့် ဖွံ့ဖြိုးရေးဇုန် တည်ဆောက်ရန် မြေနေရာလျာထားမှု၊ စီမံကိန်းဧရိယာ၊ တည်ဆောက်မည့် ဒီဇိုင်းပုံစံ၊ စီမံကိန်းအပိုင်းအလိုက် အဆင့်ဆင့်အကောင်အထည်ဖော်ရန် အစီအစဉ်ရေးဆွဲထားမှု အခြေအနေကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဦးအုန်းမောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်တို့က သဘာဝပတ်ဝန်းကျင်၊ မြစ်ကြောင်းများနှင့် ငါးသယံဇာတအရင်းအမြစ်များ ထိခိုက်မှုမရှိစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများအား ချပြဆွေးနွေး သွားမည့်အခြေအနေနှင့် စီမံကိန်းအဆိုပြုမြေနေရာအား လုပ်ထုံးလုပ်နည်းများ နှင့်အညီ အဆင့်ဆင့်တင်ပြဆောင်ရွက်ထားမှု အခြေအနေတို့ကို ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဒုတိယသမ္မတက အလုပ်အကိုင် အခွင့် အလမ်း ဖော်ဆောင်ပေးနိုင်မည့်အခြေအနေ၊ အလုပ်ခန့်ထားပေးနိုင်မည့်ပမာဏ၊ စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့် ရေရရှိနိုင်မည့်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးနှင့် လုပ်ငန်းအကျိုးအမြတ်ဖြစ်ထွန်းနိုင်မည့် အခြေအနေ၊ ငါးနှင့်ပတ်သက်သည့် ထုတ်လုပ်မှုလုပ်ငန်းများအပြင် အခြားဆက်စပ်သော ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် စီးပွားရေးလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို မေးမြန်းဆွေးနွေးပြီး လိုအပ် သည်များကို မှာကြားသည်။
ဒေသခံများ အလုပ်အကိုင်ရရှိရေး၊ ငါးနှင့်ပတ်သက်သည့် ကုန်ထုတ်လုပ်မှု နည်းပညာရရှိရေး၊ နိုင်ငံတကာအဆင့်မီသည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းပြည်ပသို့ ဖြန့်ဖြူးနိုင်ရေး၊ ပြည်တွင်းမှငါးများ ရောင်းချရာတွင် ဈေးကောင်းရရှိရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူပြုနိုင်ရန်ရည်ရွယ်ပြီး ငါးလေလံဈေးနှင့် ဖွံ့ဖြိုးရေး ဇုန်ကို တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment