Sunday, December 3, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

Image may contain: 4 people, people sitting, table and indoor
နေပြည်တော် ဒီဇင်ဘာ ၂
မြန်မာအထူးစီးပွားရေးဇုန်ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဦးအုန်းမောင်တို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့သို့ရောက်ရှိပြီး ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတနှင့် အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော် နှင့်အတူ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း သို့ နံနက် ၁၁ နာရီတွင် ရောက်ရှိကြပြီး စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်မှု အခြေအနေကို စစ်ဆေးရာ ထားဝယ်အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် ကော်မတီ အတွင်းရေးမှူး ဒေါက်တာတင့်ထူးနိုင် တို့က ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သွား မည့်ပုံစံ၊ ကနဦး စီမံကိန်းများအတွက် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူ စာချုပ်များ၊ ထားဝယ်အထူးစီးပွားရေး ဇုန်မှ မြန်မာ-ထိုင်း နယ်စပ်(ဖူနမ်ရွမ်)သို့ ဆက်သွယ်သည့် နှစ်လမ်းသွား ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း
လုပ်ငန်းဆောင်ရွက်မည့်အခြေအနေ၊ ဆိပ်ခံတံတားတစ်ခု တည်ဆောက်ပြီးစီးမှု၊ ဆိပ်ခံတံတားနှင့် ဆိပ်ကမ်းငယ်တည် ဆောက်မည့်အစီအစဉ်၊ စက်မှုဇုန်ဧရိယာ(A)အတွင်း ဆောင်ရွက်ခွင့်ပြုသွားမည့်လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားနှင့် ရေရရှိရေးဆောင်ရွက်သွားမည့် အစီအစဉ်၊ ကနဦး မြို့ပြနယ်မြေ တည်ဆောက်မည့်အစီအစဉ်နှင့် ပြန်လည် နေရာချထားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ညှိနှိုင်းဆောင်ရွက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဦးအုန်းမောင်နှင့် ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်စိုးတို့က ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များနှင့် ပြန်လည်သုံးသပ်စဉ်းစားရမည့် လုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဒုတိယသမ္မတက ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် မိမိတို့နိုင်ငံ အတွက် အကျိုးဖြစ်ထွန်းရုံသာမက အရှေ့တောင်အာရှ နိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ အပါအဝင် နိုင်ငံ အများစုကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊ စီမံကိန်းအတွက် လိုအပ်သည့် မြန်မာ-ထိုင်းနယ်စပ်သို့ ဆက်သွယ်သော နှစ်လမ်းသွားကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင် တစ်ချိန် တည်းတစ်ပြိုင်တည်း ဆောင်ရွက်၍ရသည့် လုပ်ငန်းများကို လည်း လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ယခုစီမံကိန်းသည် ကုန်သွယ်ရေးအတွက်သာမက ခရီးသွားလုပ်ငန်းအတွက် ပါ အကျိုးသက်ရောက်မှုရှိပါကြောင်း၊ နိုင်ငံအတွက်လည်း အရေးကြီးသည့် ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါကြောင်း၊ စီမံကိန်းရှေ့ဆက်အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ-ထိုင်း-ဂျပန် တွေ့ဆုံဆွေးနွေးကာ အကောင်အထည် ဖော်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည်ဖြစ်ပါကြောင်း၊ စိတ်ရင်းစေတနာကောင်းများဖြင့် ဝိုင်းဝန်းပါဝင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းပြောကြား သည်။
ဆွဲဆောင်မှုရှိသည့် နေရာဖြစ်
ထားဝယ်အထူးစီးပွားရေးဇုန်သည် ထိုင်းနိုင်ငံနယ်စပ်နှင့် ၁၃၂ ကီလိုမီတာ၊ ဘန်ကောက်နှင့် ၃ဝဝ ကီလိုမီတာ တွင်တည်ရှိပြီးGMS Southern Economic Corridor ဖြစ်သည့် ဘန်ကောက်-ဖနွမ်းပင်-ဟိုချီမင်းမြို့များနှင့် တစ်ဆက်တည်း ချိတ်ဆက်နိုင်ကြောင်း၊ အနောက်အာရှ၊ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အာဖရိကဒေသများသို့ ချိတ်ဆက်နိုင်မည့်နေရာဖြစ်ပြီး မလက္ကာရေလက်ကြား အပြင် အခြားရွေးချယ်စရာ လမ်းကြောင်းအဖြစ် တည်ရှိ ကြောင်း၊ ထို့ပြင် သတ္တုနှင့်ရေလုပ်ငန်း စသည့် သဘာဝ သယံဇာတ အရင်းအမြစ်များ ကြွယ်ဝခြင်းနှင့် လုပ်အားခ ဈေးနှုန်းအရ အခြားနိုင်ငံများထက် ပိုမိုဆွဲဆောင်မှုရှိသည့် နေရာဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ၊ ဂျပန်၊ ထိုင်းသုံးနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သွား ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့အား ထားဝယ် ဟိုတယ်၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးကောင်းစံဦးက တနင်္သာရီတိုင်းဒေသကြီး အတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက်ဆောင်ရွက်နေမှု၊ ဧည့်သည်ဝင်ရောက် မှု၊ တည်းခိုမှုနှင့် ဝင်ငွေရရှိမှု၊ ခရီးသွားကုမ္ပဏီများတိုးတက် လာမှု၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းနှင့် ဒေသ ဧည့်လမ်းညွှန် သင်တန်းဖွင့်လှစ်မှု၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလာလည်ပတ်နိုင် သည့် ထင်ရှားသည့်နေရာများ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးရမည့်လိုအပ် ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်တို့က လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက် တင်ပြကြရာ ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေး သည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ထားဝယ်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံး၌ ဌာန ၁၃ ခုမှ ဆောင်ရွက်ပေးနေ သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို သွားရောက် ကြည့်ရှုအားပေးသည်။
ယင်းနောက် မေတ္တာမြို့သို့ရောက်ရှိကြပြီး ထားဝယ် အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်း နယ်စပ်(ထီးခီး)ရွာအထိ ဆက်သွယ်သည့် နှစ်လမ်းသွားကတ္တရာလမ်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်းဆောင်ရွက်မည့် လမ်းကြောင်းအခြေအနေ ကို ကြည့်ရှုစစ်ဆေးသည်။
ပူးပေါင်းဆောင်ရွက်စေလို
ထို့နောက် ဒုတိယသမ္မတသည် ကရင်အမျိုးသားအစည်း အရုံး(KNU)မှ ဦးစောဆာပူးနှင့် ဦးစောတူးနားတို့အား တွေ့ဆုံနှုတ်ဆက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေး သည် အရေးကြီးပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှုရှိ မှသာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်း ကုန် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လက်တွဲ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြား သည်။
ထို့နောက် လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ကမ်းခြေသို့ ရောက်ရှိကြပြီး မောင်းမကန်ကမ်းခြေဒေသ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထား မှုအခြေအနေကို ကြည့်ရှုလေ့လာသည်။
သတင်းစဉ်

No comments:

Post a Comment