Saturday, December 2, 2017

မောင်တော ကညင်ချောင်း စီးပွားရေးဇုန် ငွေကျပ်သိန်းပေါင်းနှစ်သောင်းကျော် ထပ်မံဖြည့်စွက် အကောင်အထည်ဖော်ဆောင်ရွက်မည်

Image may contain: 1 person, standing and outdoor
မောင်တော ဒီဇင်ဘာ ၁
ရခိုင်ပြည်နယ် မောင်တောမြို့မှ သုံးမိုင်ဝေးကွာသော ကညင်ချောင်းစီးပွားရေးဇုန်ကို ယခုအခါ ပြည်နယ်အစိုးရက ငွေကျပ်သိန်းပေါင်း ၁၅ဝဝဝ နှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များက သိန်းပေါင်း ၇ဝဝဝ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၂၂ဝဝဝ ဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်မှုကို ပြည်နယ် အစိုးရအဖွဲ့နှင့် နတ်မြစ်အလင်း ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း ယနေ့ကျင်းပသည့် ကညင်ချောင်းစီးပွားရေး ဇုန်လုပ်ငန်းစတင်ဆောင်ရွက်ခြင်း အခမ်းအနားမှ သိရသည်။
အဆိုပါ ကညင်ချောင်းစီးပွားရေးဇုန်လုပ်ငန်း စတင် ဆောင်ရွက်ခြင်း အခမ်းအနားသို့ ကညင်ချောင်းစီးပွားရေး ဇုန် စီမံခန့်ခွဲရေးကော်မတီနာယက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ကညင်ချောင်းစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ(၁) ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်၊ ကညင်ချောင်းစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ဦးအောင်မြင့်သိန်း၊ အတွင်းရေးမှူး ဦးမြင့်ခိုင်တို့ တက်ရောက်၍ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယနေ့ကျင်းပသော ကညင်ချောင်းစီးပွားရေးဇုန် လုပ်ငန်းစတင်ဆောင်ရွက်ခြင်း အခမ်းအနားတွင် စီမံခန့်ခွဲ ရေးကော်မတီနာယက ဦးညီပုက ''ဒီနေ့ ကညင်ချောင်း စီးပွားရေးဇုန် စတင်ခြေလှမ်းလှမ်းတာဖြစ်ပါတယ်။ ဒီလိုလှမ်းနိုင်ဖို့လည်း အရင်ကတည်းက အများကြီးဆောင် ရွက်ခဲ့ကြတဲ့ အနေအထားတွေ့ရတယ်။ ကညင်ချောင်း စီးပွားရေးဇုန်နဲ့အညီ စီးပွားရေးဇုန်တစ်ရပ်ပေါ်လာတာနဲ့အမျှ ဒီဒေသအတွက် အကျိုးအများကြီးဖြစ်လာမှာပါ။ နိုင်ငံတစ်နိုင်ငံမှာ တည်ငြိမ်အေးချမ်းမှ စီးပွားရေးကောင်းမှာ ဖြစ်သလို စီးပွားရေးကောင်းမှလည်း နိုင်ငံတည်ငြိမ်အေး ချမ်းမှာ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း ကောင်းမွန်ဖို့ နိုင်ငံတော်အစိုးရအနေနဲ့လည်း မူဝါဒချပြီး အကောင် အထည်ဖော်နေတာရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အခြေအနေ အရပ်ရပ်တွေ အပေါ်မှာ ပိုအလေးထားဆောင်ရွက်ပေးနေပါတယ်။ သြဂုတ် ၂၅ ရက် ဖြစ်ပွားပြီးနောက်ပိုင်းမှာ ဒီဒေသအတွက် ပိုပြီးတော့စီးပွား ရေးဖွံ့ဖြိုးဖို့၊ တည်ငြိမ်အေးချမ်းဖို့နဲ့ ရေရှည်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ ကဏ္ဍတွေကို အထူးဦးစားပေး ဆောင်ရွက် နေတယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ ဒီဒေသ ဘက် ပေါင်းစုံဖွံ့ဖြိုးတိုးတက်ဖို့ကို တစ်နိုင်ငံလုံးအနေနဲ့ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်နေပါတယ်''ဟု ပြောကြးသည်။
ယခုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မောင်တော ကညင်ချောင်းစီးပွားရေးဇုန်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် မောင်တောဒေသ စီးပွားရေးလုပ်ငန်းရှင် များက ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတွင် စတင်အကောင် အထည်ဖော် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအနေ ဖြင့် စုစုပေါင်း ၄၉ ဒသမ ၆ ဧကပေါ်တွင် စတင်ခဲ့ပြီး ယခုအခါ ကညင်ချောင်းကုန်သွယ်ရေးဇုန်မှ ကညင်ချောင်း စီးပွားရေးဇုန်အဖြစ် အဆင့်မြှင့်တင်ရန် ဧက ၁ဝဝ ကို ထပ်မံတိုးချဲ့ ပြင်ဆင်လျက်ရှိပြီး သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်နိုင်ရန်လည်း စီစဉ်လျက်ရှိသည်။ ကညင် ချောင်းစီးပွားရေးဇုန်သည် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရေလမ်းခရီးမှ ကုန်သွယ်မှုပြု ကူးလူးသွားလာလျှင် ၁၅ မိနစ် ဝန်းကျင်ခန့်သာ သွားလာရပြီး အထူးသဖြင့် သွင်းကုန် ထက် ပို့ကုန်ကဏ္ဍကို အထူးဦးစားပေးကုန်သွယ်မှုပြုမည့် ကုန်သွယ်ရေးဇုန်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံနယ်စပ်ကုန်သွယ်ရေးဇုန်များအနက် မောင်တောနယ်စပ် ကုန်သွယ် ရေးသည် ပို့ကုန်ကဏ္ဍအနေဖြင့် ရာခိုင်နှုန်း ၉ဝ အထိ ကုန်သွယ်မှုပြုလျက်ရှိပြီး သွင်းကုန်အနေဖြင့် ၁ဝ ရာခိုင် နှုန်းသာ ကုန်သွယ်မှုပြုသော နယ်စပ်ကုန်သွယ်ရေးဇုန် ဖြစ်ကာ ကုန်သွယ်မှုပြုရာတွင်လည်း အမေရိကန်ဒေါ်လာ တစ်မျိုးတည်းကိုသာ အသုံးပြုလျက်ရှိကြောင်း သိရသည်။
''မောင်တောစီးပွားရေးဇုန်ဟာ နယ်စပ်ကိုးပေါက်မှာ ကုန်သွယ်မှုအသာစီးရထားတဲ့ဇုန်ဖြစ်ပါတယ်၊ ၂ဝ၁၂ ခုနှစ် ဖြစ်စဉ်မတိုင်ခင် နယ်စပ်ကုန်သွယ်ရေးရုံးချုပ်က ချမှတ်ထားတဲ့ ကိန်းဂဏန်းတွေ လေ့လာကြည့်တဲ့အခါ ရာနှုန်းပြည့်ထက် ကျော်လွန်နေပေမယ့် ၂ဝ၁၆ ခုနှစ် ဇူလိုင်လ နောက်ပိုင်းမှာ ပို့ကုန်၊ သွင်းကုန် စုစုပေါင်း ကုန်သွယ်မှု ရာခိုင်နှုန်း ၆ဝ အောက်ကျဆင်းသွားပါတယ်၊ ပြီးခဲ့တဲ့ ၂ဝ၁၅ခုနှစ် အောက်တိုဘာလမှာ ပြည်နယ်အစိုးရ က ငွေကျပ်သိန်း ၆ဝဝဝ၊ ပုဂ္ဂလိကက ငွေကျပ်သိန်း ၄ဝဝဝနဲ့ စတင်ဆောင်ရွက်ခဲ့ပါတယ်၊ ယခုပြည်နယ်အစိုးရက ငွေကျပ်သိန်းပေါင်း၁၅ဝဝဝ၊ ပုဂ္ဂလိကက သိန်းပေါင်း ၇ဝဝဝ ထပ်မံဖြည့်စွက်ပြီး ၆၅ အချိုးနဲ့ ၃၅ ရာခိုင်နှုန်းအချိုး အကျိုး တူပူးပေါင်းဆောင်ရွက်မှာပါ၊ လမ်းဖောက်တာနဲ့ မြေဖို့ တာကို ဒီဇင်ဘာပထမပတ်မှာစတင်ပြီး ဖေဖော်ဝါရီလ အတွင်း အပြီးနဲ့ ကျန်အဆောက်အအုံအပိုင်းတွေကို မတ်လ အပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်''ဟု ကညင်ချောင်း စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ဦးအောင်မြင့်သိန်း (ဒုတိယ ဥက္ကဋ္ဌ-၂) ကပြောကြားသည်။
ကညင်ချောင်းစီးပွားရေးဇုန်၌ သားငါး၊ပုစွန်သိုလှောင် ထားနိုင်မည့် အအေးခန်းများ၊ အထည်ချုပ်စက်ရုံများ၊ ကုန်သွယ်မှုပြုနိုင်သော ရုံခန်းများအပြင် စားသောက်၊ တည်းခိုနေထိုင်နိုင်သောအဆောက်အအုံများလည်း ပါဝင် လာမည်ဖြစ်ပြီး အပိုင်း (၁) ဇုန်- A ကိုပထမအဆင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေဧက ၄၉ ဒသမ ၅၈ ဧက၊ အပိုင်း(၂) တွင် ပါဝင်သော ဇုန် (B)၊ ဇုန်(C) နှင့်ဇုန်(D)တို့ကို ဧက ၁ဝ၃ ဒသမ ၃၆ ဧက စုစုပေါင်းဧရိယာ ၁၅၂ ဒသမ ၉၄ ဧကပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါ ကညင်ချောင်း စီးပွားရေးဇုန်ပြီးဆုံးပါက မောင်တောနယ်စပ်ကုန်သွယ်မှု ပမာဏမှာ ယခုထက်များစွာ ကုန်သွယ်မှုကဏ္ဍမြင့်မား လာမည်ဖြစ်ကြောင်းသိရသည်။
သတင်းအဖွဲ့၊ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment