Saturday, December 2, 2017

သမီးတို့လို လူငယ်တွေအတွက် ဒီလိုပွဲမျိုးတွေ ရှိသင့်ပါတယ်

Image may contain: 1 person, smiling, closeup
ရန်ကုန် ဒီဇင်ဘာ ၁
မသက်ထားရွှေစင်
လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးအပါအဝင် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင်ပေးနိုင်ရေး ရည်ရွယ်၍ နိုင်ငံတော်မှ ကြီးမှူးကာ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ဒီဇင်ဘာ ၁ ရက်က ပွဲတော်၏ ပထမနေ့အဖြစ် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ပွဲတော်တွင် စာပေဆိုင်ရာလှုပ်ရှားမှုများအတွက် သုတ၊ ရသစုံလင်စွာဖြင့် စာပေဆွေးနွေးပွဲများ ကျင်းပခဲ့သည့်အပြင် အားကစားဆိုင်ရာ လှုပ်ရှားမှုအစီအစဉ်များတွင်လည်း သူ့ထက်ငါ ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များကိုလည်း တွေ့မြင်ခဲ့ရသည်။
ယင်းပြင် အနုပညာဆိုင်ရာလှုပ်ရှား မှုအစီအစဉ်များတွင်လည်း စိတ် အပန်းဖြေစေမည့် ဖျော်ဖြေရေးအစီ အစဉ်များ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ရှေးရှုသည့် ယဉ်ကျေးမှု ဆိုင်ရာပြပွဲများ၊ တိုင်းရင်းသားရိုးရာ တူရိယာများ၊ ယဉ်ကျေးမှုဆိုင်ရာ အသိ ပညာပေးအစီအစဉ်များ၊ ပန်းချီပြခန်း များလည်း ပါဝင်သည်ဖြစ်ရာ ပူပေါင်း ပါဝင်ဆောင်ရွက်ကြသူများ၊ လာရောက် လေ့လာသူများနှင့် တွေ့ဆုံပြီး ပွဲတော် တွင် ပါဝင်ဆင်နွှဲရခြင်းအပေါ် ၎င်းတို့ ၏ အမြင်များကို ပြန်လည်ရေးသား ဖော်ပြလိုက်သည်။
အကယ်ဒမီ ဓိရာမိုရ်(ဂီတမှူး)
''အခုလို လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို နိုင်ငံတော်အဆင့် ကျင်းပ ပေးတာ ကောင်းပါတယ်၊ ဒေသစုံ နယ်ပယ်အသီးသီးက ကျောင်းသား ကျောင်းသူ လူငယ်တွေ ဒီလိုနေရာမှာ သူတို့လေ့လာချင်တဲ့ ကဏ္ဍရပ်တွေကို တစုတစည်း လေ့လာခွင့်ရတာပေါ့၊ အခုလို မြန်မာ့ဂီတ အနုပညာကဏ္ဍကို လေ့လာတဲ့ လူငယ်တွေအနေနဲ့ မြန်မာ့ရိုးရာဂီတ၊ ဂီတရဲ့ အခြေခံ သဘောတရားတွေကို နားထောင်ရင်း နဲ့ တက္ကသိုလ်ကြီးရဲ့ပုံရိပ်ကို သိရှိပြီး ဗဟုသုတလည်းရပါတယ်၊ လူငယ်တွေ အတွက်တော့ ဒီလိုပွဲမျိုးဟာ အကျိုး ကျေးဇူးအများကြီးရှိပါတယ်၊ လူငယ် တွေရဲ့ သူတို့သန်ရာကဏ္ဍတွေကို အနီးကပ် ထဲထဲဝင်ဝင် လေ့လာခွင့်ရ တဲ့အတွက် ကျေနပ်မိပါတယ်''
ဦးတင်စိုး(အနုပညာတက္ကသိုလ်-ပန်းချီဌာန ကထိက)
''ရုပ်ပြောင်ကာတွန်း ကဏ္ဍရပ်လေး ပါ၊ ရုပ်ပြောင်ကာတွန်းပုံလေးတွေကို ကြည့်ပြီး လူငယ်တွေကို ပျော်ရွှင်စေဖို့ ရည်ရွယ်ပါတယ်၊ ရုပ်ပြောင်ရဲ့သဘော သဘာဝကတော့ သဘာဝမှာ တကယ့် အရှိတရားကို အခြေခံတဲ့ အဖြစ် အပျက်တွေကို ရုပ်ပုံအစားထိုးပြီး ဟာသဖြစ်အောင်၊ ရယ်ရွှင်ဖွယ်ဖြစ် အောင် ပြုလုပ်ရတဲ့ အနုပညာရပ်ဖြစ် ပါတယ်၊ ဒီရုပ်ပြောင်ပုံလေးတွေကို ကြည့်ပြီး ပွဲတော်ကို လာရောက်တဲ့ လူငယ်လူရွယ် ကျောင်းသား ကျောင်း သူလေးတွေ ပျော်ရွှင်နေတာကိုကြည့် ပြီး ပီတိဖြစ်ရပါတယ်''
မောင်အောင်သန်းဌေး (အနုပညာ တက္ကသိုလ် ပန်းချီတတိယနှစ်ဂုဏ်ထူးတန်းကျောင်းသား)
''အဓိကကတော့ ကျွန်တော်တို့ လူငယ်လူရွယ်တွေ ဘက်စုံစွမ်းရည် ဖွံ့ဖြိုးဖို့ အနုပညာတက္ကသိုလ်ကနေ အနုပညာလှုပ်ရှားမှုအဖြစ် ဆောင်ရွက် ရခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ ပြခန်းကတော့ ဒန်းအလှကို လူငယ် တွေ သိရှိလာစေဖို့ဖြစ်ပါတယ်၊ ဒန်း အလှအနေနဲ့ကတော့ အိန္ဒိယ ယဉ်ကျေးမှုပါ၊ ဒါပေမယ့် ဒီမှာတော့ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ပေါင်းစပ်ပြီး ဖန်တီးရတာဖြစ်ပါတယ်၊ ဒီလိုဖန်တီးရာမှာ ယဉ်ကျေးမှုတက္ကသိုလ် က ပို့ချတဲ့ဘာသာရပ်တွေနဲ့ ဖန်တီးရ တာဖြစ်ပါတယ်၊ လူငယ်အချင်းချင်း ရင်းနှီးမှုကိုဖြစ်စေတဲ့ ဒန်းအလှပန်းချီ အနုပညာရပ်လို့ ပြောရင်လည်း မမှား ပါဘူး''
မခင်ဝင်းရွှေ (နောက်ဆုံးနှစ် ရန်ကုန်ပညာရေးတက္ကသိုလ်)
''ပညာရေးကဏ္ဍကနေ ကြိုဆိုရေး တာဝန်ကို ယူရပါတယ်၊ ဒီ လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကြီးကို ပါဝင် ခွင့်ရတာ ဖြစ်ပါတယ်၊ ဒီပွဲတော်လုပ် ပေးခဲ့တဲ့ လူကြီးတွေကိုလည်း ကျေးဇူး တင်ပါတယ်၊ ဒီလို လူငယ်တွေနဲ့ သက်ဆိုင်တဲ့ပွဲမျိုးကို တစ်နှစ်တစ်ကြိမ် လုပ်ပေးနိုင်ရင် ပိုကောင်းမယ်လို့မြင်ပါ တယ်၊ ဘာကြောင့်လဲဆိုတော့ လူငယ် တိုင်းမှာ စွမ်းရည်ကိုယ်စီရှိပါတယ်၊ ပြီးတော့ သူတို့ရဲ့အိပ်မက် သူတို့ရဲ့ ဖြစ်ချင်တာတွေကိုလည်း ဖြစ်ခွင့်ပေးရ ပါမယ်၊ မိဘတွေအနေနဲ့လည်း ကိုယ်လိုချင်တဲ့ပုံစံမျိုး အတင်းမသွင်း ဘဲ လူငယ်တွေရဲ့ ဖြစ်ချင်တာတွေကို လည်း လုပ်ခွင့်ပြုသင့်ပါတယ်''
မသက်ထားရွှေစင် (မင်္ဂလာဒုံ အောင်ဆန်းသူရိယ အထက်တန်း ကျောင်း)
''ဒီပွဲတော်ကိုစိတ်ဝင်စားလို့ လာလေ့ လာတာပါ၊ ပျော်ဖို့လည်းကောင်းတယ်၊ သမီးတို့လို ကျောင်းသူတွေအတွက် ဗဟုသုတလည်းရပါတယ်၊ ဒီလိုပွဲမျိုးကို တစ်ခါမှလည်းမကြုံဖူးဘူး၊ လေ့လာတဲ့ ပြခန်းတွေထဲမှာဆို ပန်းချီပြခန်းကို အလွန်သဘောကျတယ်၊ သမီးတို့ မသိသေးတဲ့ အရာတွေအများကြီး သိရလို့ ဝမ်းသာတယ်၊ အဲဒါကြောင့် လည်း တက္ကသိုလ်တက်ရပြီဆို ယဉ်ကျေးမှုတက္ကသိုလ် တက်မယ်လို့ ဆုံးဖြတ်ထားတယ်၊ သမီးတို့လို လူငယ် တွေအတွက် ဒီလိုပွဲမျိုးတွေ ရှိသင့်ပါ တယ်''
အနုပညာဆိုင်ရာ လှုပ်ရှားမှုများ အနေဖြင့် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ ခန်းမတွင် Portrait ပုံတူရေးဆွဲခြင်း၊ ရုပ်ပြောင်ပုံများ ရေးဆွဲခြင်း၊Post Card များ ရေးဆွဲခြင်းများအပြင် ဖျော်ဖြေရေး အစီအစဉ်များအဖြစ် တက္ကသိုလ်ကျောင်းက ငွေလမင်း၊ နွဲ့နှောင်းလှပသုခုမယိမ်းအက၊ ချစ်ရက် ရှည်အင်းလျားမြေ၊ တိုင်းရင်းသား ယိမ်းအက၊ ဂျပ်ဆင်ထိပ်ကလရိပ်ပြာ၊ ဓလေ့ရိုးရာ တို့ကျေးရွာရုပ်သေး သရုပ်ဖော်အကများဖြင့် ဖျော်ဖြေခဲ့ကြ ပြီး အသိပညာပေး အစီအစဉ်များ အဖြစ် တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှု၊ ရိုးရာတူရိယာများ၊ ရိုးရာအစားအစာများနှင့် Landmarkများ၏ ဓာတ်ပုံများနှင့် ဗီဒီယိုများ ပြသခြင်း၊ တိုင်းရင်းသား ရှစ်မျိုးတို့၏ အမျိုးသား၊ အမျိုးသမီးဝတ်စုံများအား ရုပ်တုများပေါ်တွင်ဝတ်ဆင်၍ ထင်ရှား သည့် တူရိယာများနှင့်အတူ ခင်းကျင်း ပြသခြင်းများကို ပြုလုပ်ခဲ့ရာ ကျောင်း သား လူငယ်အများအပြား လာရောက် လေ့လာခဲ့ကြပြီး ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အလားတူ ပွဲတော်တွင် လူငယ်များ တီထွင်ထားသည့် သိပ္ပံပစ္စည်းများ၊ ဇီဝပြခန်းများ၊ ITပစ္စည်းများ ပြသ ခြင်းများအပြင် အလုပ်အကိုင်အခွင့် အလမ်းပြပွဲများလည်း ပါဝင်ခဲ့ရာ ပါဝင်ဆောင်ရွက်ကြသူများနှင့် တွေ့ဆုံ စဉ် ပါဝင်ပြသရခြင်းအကြောင်းနှင့် ပွဲတော်ကြီးအပေါ် ၎င်းတို့၏အမြင် များကို ပြန်လည်ရေးသားဖော်ပြလိုက် သည်။
မောင်အောင်ခန့်ဝေ (နောက်ဆုံးနှစ် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်)
''ကျွန်တော်တို့လို လူငယ်တွေကို ပြောချင်တာက ဒီလိုမျိုး အိုင်တီ လုပ်ငန်းတို့၊ နည်းပညာစမ်းသပ်မှုတို့ ဆိုတာ လူငယ်တွေကြားမှာရှိပေမယ့် ပရောဂျက်တစ်ခုအနေနဲ့ပဲ ပြီးသွားကြ တယ်၊ ဒါကို ကျွန်တော်တို့က လူငယ် တွေရဲ့ အိပ်မက်တွေကို တကယ်ထုတ် လုပ်လာနိုင်အောင် ဈေးကွက်ထဲဖြန့် လို့ရနိုင်အောင် လုပ်လို့ရတယ်၊ လုပ်နိုင်တယ်ဆိုတာကိုလည်း ပြချင်လို့ ဒီပြပွဲမှာ ဝင်ရောက်ပြသတာဖြစ်ပါ တယ်၊ အခုလို ပါဝင်ခွင့်ရတဲ့အတွက် ကောင်းပါတယ်၊ ကျေနပ်မှုလည်းရှိပါ တယ်၊ ဘာ့ကြောင့်လဲဆိုတော့ ကျောင်းသားလူငယ်တွေရဲ့ အိပ်မက် စိတ်ကူးတွေကို အခုပွဲမှာဖလှယ်နိုင် ကြတယ်၊ ဘာတွေဆက်လုပ်ကြမလဲဆို တာတွေ ပြောဆိုဖြစ်ကြတယ်၊ ကျွန်တော့်အမြင်ကတော့ ဒီလိုပွဲမျိုးဆို တာ လုပ်သင့်တဲ့ပွဲတစ်ခုလို့ မြင်ပါ တယ်''
မတိုးသဉ္ဇာခိုင်(ဓာတုဗေဒ ဂုဏ်ထူးတန်း တတိယနှစ် ဒဂုံတက္ကသိုလ်)
''အခု လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို စိတ်ဝင်စားပါတယ်၊ အဓိက အတွေ့အကြုံလိုချင်လို့ ပါဝင်တာဖြစ် ပါတယ်၊ ဒီလို နိုင်ငံတော်အဆင့်ပွဲတော် ကို ဝင်ခွင့်ရတဲ့အတွက် ဂုဏ်လည်းယူ ပါတယ်၊ ပျော်လည်းပျော်ပါတယ်၊ ဒီပြခန်းကတော့ ရေဆိုးတွေကို ရေသန့် ပြန်လည်ထုတ်ယူတဲ့ နည်းပညာဖြစ် ပါတယ်၊ ပါဝင်တဲ့ပစ္စည်းတွေကတော့ ဈေးလည်း သက်သာပါတယ်၊ ပတ်ဝန်း ကျင်မှာရှိတဲ့ ပစ္စည်းလေးတွေကိုလည်း တချို့နေရာတွေမှာ သုံးထားပါတယ်၊ ရေမသန့်တဲ့ဒေသတွေမှာဆိုရင် အခု နည်းပညာကိုသုံးရင် အဆင်ပြေပါ တယ်၊ ဒီကဏ္ဍမှာ ရေသန့်ထုတ်လုပ်တဲ့ နည်းပညာတင်မကပါဘူး သဲနဲ့ ပလတ်စတစ်ကိုရောပြီး အုတ်ထုတ် လုပ်တဲ့ ပြကွက်လည်း ပါဝင်ပါတယ်၊ အဆောက်အအုံတွေလည်း ဆောက်လို့ ရပါတယ်၊ အားလုံး စွန့်ပစ်ပစ္စည်းတွေ သုံးထားတဲ့အတွက် ကုန်ကျစရိတ် နည်းတယ်ဆိုတာ သိစေချင်တယ်''
မောင်မျိုးမြတ်အောင်(သတ္တဗေဒဂုဏ်ထူးတန်း တတိယနှစ်)
''အခု ဒီလိုပွဲမျိုးမှာ ပါဝင်ခွင့်ရတဲ့ အတွက် ဝမ်းသာရပါတယ်၊ သူငယ်ချင်း တွေအားလုံးလည်း ပျော်နေကြတယ်၊ မေဂျာပေါင်းစုံက လာပြကြတော့ သူငယ်ချင်းအသစ်တွေအပြင် ဗဟု သုတတွေလည်း အပြန်အလှန် ဖလှယ် ခွင့်ရပါတယ်၊ ဒီပြခန်းမှာ ပါဝင်တာ တွေကတော့ ခရုတို့၊ လိပ်ပြာတို့၊ သန္တာ ကျောက်တန်း၊ မိကျောင်းတို့ စတဲ့ သုတေသနလုပ်ထားတဲ့ အကောင် ငယ်လေးတွေ ပါဝင်ပါတယ်၊ ဒီ Zoology ဆိုတာ ကိုယ်ခန္ဓာနဲ့ တိရစ္ဆာန်တွေရဲ့ အကြောင်းတွေကို လေ့လာရတဲ့ ဘာသာရပ်တွေဖြစ်တဲ့ အတွက် သက်ရှိတွေအကြောင်းကို သိရမှာပါ၊ ပြီးတော့ ကျွန်တော်တို့ ပြခန်းမှာ ရှားပါးမျိုးစိတ်တွေကိုလည်း ပြသထားတာမို့ လာရောက်လေ့လာ စေလိုပါတယ်''
ဦးတင်မောင်သိန်း(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ပညာအသင်း)
''ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ပညာအသင်းအနေနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ စီမံခန့်ခွဲတဲ့ပညာရပ် တွေ တိုးတက်ရေးအတွက် တစိုက် မတ်မတ် ဆောင်ရွက်နေတဲ့အသင်း ဖြစ်ပါတယ်၊ ဒီနေ့ပွဲမှာ ကျွန်တော်တို့ အသင်းက အသင်းဝင်အသစ်တွေကို လက်ခံပေးခြင်း၊ လူငယ်များ အသက် မွေးဝမ်းကျောင်းပညာ ရွေးချယ်တဲ့ နေရာမှာ သူတို့ရဲ့ ပင်ကိုဝါသနာနဲ့ လိုက်လျောညီတွေဖြစ်စေတဲ့ အလုပ် တွေ လုပ်နိုင်စေဖို့ အကြံပေးပါတယ်၊ နောက်တစ်ခုက ကျောင်းပြီးစ လူငယ် တွေ လုပ်ငန်းခွင်ဝင်ဖို့ ဘယ်လိုပြင်ဆင် ရမယ်ဆိုတာတွေ စတဲ့ အတွေးအမြင် အသိပညာတွေကို ဖြန့်ဝေပေးခြင်းဖြစ် ပါတယ်၊ လူငယ်တွေအနေနဲ့ လေ့လာ သင်ယူမှုနဲ့ အသက်မွေးဝမ်းကျောင်း တစ်ထပ်တည်းမကျလို့ အလုပ်မမြဲ တာ၊ မထူးချွန်တာတွေ အမြဲလိုလို တွေ့နေရပါတယ်၊ ဒီလိုမျိုးတွေ တွေ့တဲ့အခါ ဖြည့်ဆည်းပေးချင်တာ ဖြစ်တဲ့အတွက် ဒီအစီအစဉ်လေးကို လုပ်ခဲ့ပြီး အခုလိုပွဲမှာ ပါဝင်ဖြစ်တာ ဖြစ်ပါတယ်၊ ဒီလိုပွဲမျိုးကို ဒီထက် သိုက်သိုက်မြိုက်မြိုက် စည်စည် ကားကား ပြုလုပ်ပေးစေချင်ပါတယ်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် တတ်နိုင်တဲ့ဘက်က အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ခွင့်ရတဲ့ အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်''
ပွဲတော်တွင် အဓိပတိလမ်း တစ်လျှောက် စီတန်းနေသော ပြခန်း များ၊ RC ခန်းမအတွင်းမှ လူငယ်နှင့် အနုပညာဆွေးနွေးပွဲများ၊ စစ်ကိုင်း ဆောင်နှင့် ပဲခူးဆောင် အရှေ့မှ အားကစားဆိုင်ရာ လှုပ်ရှားမှုပြိုင်ပွဲ များ၊ သထုံဆောင်အတွင်းမှ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲများ၊ သစ်ပုပ်ပင်အောက် ကဗျာရွတ်ဆို ခြင်းများအပြင် သစ်ပုပ်ပင်အနီး စာအုပ်ပြခန်းများ၊ စာအုပ်အရောင်း ဆိုင်များ၊ စီးပွားရေးတက္ကသိုလ်ခန်းမ တွင် ကျပန်းစကားပြောပြိုင်ပွဲများ၊ ဝိဇ္ဇာပညာခန်းမတွင်းမှ အနုပညာ ဖျော်ဖြေပွဲများနှင့် အနုပညာပြခန်း များ၊ စီးပွားရေးတက္ကသိုလ်ရှေ့ အလုပ် အကိုင်အခွင့်အလမ်း ပြခန်းများ စသည်ဖြင့် ကဏ္ဍပေါင်းစုံမှ အစီအစဉ် ပေါင်းများစွာဖြင့် အားလုံး စုံညီပါဝင် ဆောင်ရွက်လျက်ရှိရာ လာရောက် လေ့လာသူများဖြင့် ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
သတင်း-အောင်ကျော်ဦး၊ ခင်ဇာလီ
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)၊ ဇာဏီ

No comments:

Post a Comment