Tuesday, December 26, 2017

ထမံသီဘေးမဲ့တောတွင် ၁ဝဝ စတုရန်းကီလိုမီတာလျှင် အင်းကျား တစ်ကောင်မှ သုံးကောင် တွေ့ရှိ

Image may contain: outdoor
စစ်ကိုင်း ဒီဇင်ဘာ ၂၅
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၁ဝဝ စတုရန်းကီလိုမီတာလျှင် အင်းကျား တစ်ကောင်မှ သုံးကောင်အထိ နေထိုင်ကျက်စားကြောင်း တွေ့ရှိရသည်။ ဘေးမဲ့တောသည် အကျယ်အဝန်းအားဖြင့် ၂၁၅၁ စတုရန်း ကီလိုမီတာ ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်၌ ဘေးမဲ့တော၏ အနောက်ဘက်ခြမ်းဧရိယာနှင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ဘေးမဲ့တော၏ အရှေ့ဘက်ခြမ်းဧရိယာတို့ကို ကင်မရာ ထောင်ချောက်အလုံး ၁၆ဝ ဖြင့် ရက်ပေါင်း ၉ဝ ကြာ သုတေသနပြုခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
''စာရင်းကောက်နေရာ နှစ်ခုကို နှိုင်းယှဉ်လေ့လာကြည့်တဲ့အခါ ထိန်းသိမ်းစောင့်ရှောက်မှုအားကောင်းတဲ့ အပိုင်းမှာ အင်းကျားနဲ့အတူယှဉ်တွဲ နေထိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေ ပေါများကြွယ်ဝတာ၊ မျှမျှတတရှိတာ တွေ့ ရပါတယ်။ ဒါပေမယ့် ထိန်းသိမ်းစောင့်ရှောက်မှုအားနည်းတဲ့ ဧရိယာပိုင်းမှာ ကျန်တဲ့ အရေးကြီးမျိုးစိတ်တွေလျော့နည်းပြီးတော့ အင်းကျားအရေအတွက် ပိုများတာတွေ့ရတယ်''ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ အင်းကျားသုတေသနပြုလုပ်လျက်ရှိသူ ဦးလှနိုင်က ပြောသည်။
အင်းကျားမျိုးစိတ်နေထိုင်ကျက်စားသော ဟိမဝန္တာတောင်တန်းပေါ်ရှိ နီပေါနိုင်ငံမှစ၍ အင်ဒိုချိုင်းနားကျွန်းဆွယ်ရှိ နိုင်ငံများအလယ်၊ အင်ဒိုနီးရှားနိုင်ငံ အဆုံး အင်းကျားသုတေသနကို ပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံသည်လည်း ယင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
အင်းကျားလေ့လာရေးလုပ်ငန်းကို သစ်တောဦးစီးဌာန အောက်စဖို့ တက္ကသိုလ်၏ ဇီဝဗေဒဌာန လက်အောက်ရှိWildlife Conservation Research Unit (WildCRU)နှင့်အတူ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာ နိုင်ငံအစီအစဉ်) က ပူးပေါင်းသုတေသနပြုလုပ်နေခြင်းဖြစ်သည်။
အင်းကျားခေါ် သစ်တက်ကျား (Clouded Leopard) ကို မြန်မာနိုင်ငံ၏ အနည်းဆုံး ၁၅ နေရာတွင်တွေ့ရှိရကြောင်း သုတေသနမှတ်တမ်းများအရ သိရသည်။ ယခုနှစ်တွင်လည်း ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၂ဝ၁၄-၂ဝ၁၅ နှင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တို့၌ သုတေသနပြုလုပ်ခဲ့သော ဧရိယာ နှစ်ခုတွင်ပင် ကင်မရာထောင်ချောက် အလုံး ၁၆ဝ ဖြင့် သုတေသနထပ်မံပြု လုပ်နေကြောင်း၊ ယခုနှစ် သုတေသနများနှင့် ယခင်နှစ်များက ပြုလုပ်ပြီးသော သုတေသနများကို နှိုင်းယှဉ်ကာ အင်းကျားအကောင်ရေ တိုးပွားလာသလား၊ လျော့နည်းလာသလား၊ တည်တံ့နေသလား ဆိုသည်ကိုစောင့်ကြည့်လေ့လာ သွားမည်ဖြစ်ကြောင်း ဦးလှနိုင်က ပြောသည်။
အင်းကျားကိုလေ့လာရန် စာရင်းကောက်ဧရိယာတစ်ခုကို အနည်းဆုံး ၁၆ဝ စတုရန်းကီလိုမီတာခန့် လွှမ်းခြုံနိုင်အောင် လေ့လာပြီး အင်းကျားသည် ကြောင်ကြီးမျိုးစိတ်ထဲတွင် အငယ်ဆုံး (ကျား၊ ကျားသစ်၊ အင်းကျား)၊ ကြောင်ငယ်မျိုးစိတ်ထဲတွင် အကြီးဆုံး (အင်းကျား၊ ကြောင်မင်း၊ ကြောင်တံငါ၊ ကြောင်သလင်း၊ တောကြောင်၊ သစ်ကြောင်) ဖြစ်သည်။ ထမံသီဘေးမဲ့တောတွင် ပင်မြင့်သစ်ပင်ကြီးများ ရှိနေသည့်အနေအထားက အင်းကျားများနေထိုင် ကျက်စားမှုကို ပြန်လည်ကောက်ချက်ချနိုင်သည်။
အင်းကျားများကို သဘာဝတောတောင် ရေမြေကောင်းမွန်ခြင်း၏ အမှတ်လက္ခဏာ သို့မဟုတ် ပြယုဂ်မျိုးစိတ် (Ambassador Species/ Flagship Species)ဟူ၍ သစ်တောနှင့် သားငှက်ထိန်းသိမ်းရေးသမားများ က သတ်မှတ်ထားကြသည်။ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန် ထားသောသုတေသနစာတမ်းတွင် အင်းကျားမျိုးစိတ်များကို ယင်းတို့ရှင်သန် နေထိုင်သည့် နီပေါနိုင်ငံမှ ဟိမဝန္တာတောင်စွယ်အတိုင်း အင်ဒိုချိုင်းနားကျွန်းဆွယ် အထိ သဘာဝတောတောင်ရေမြေကောင်းမွန်ခြင်း၏ ကိုယ်စားပြုမျိုးစိတ်၊ အညွှန်းလက္ခဏာပြမျိုးစိတ်ဟူ၍ သတ်မှတ်ထားသည်။
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် သုတေသနပြုလုပ်ချက်များ အရ အင်းကျားများပျံ့နှံ့နေထိုင်မှုမှာ အနည်းဆုံး ၃၉ ရာခိုင်နှုန်းမှ ၄၄ ရာခိုင်နှုန်း အထိရှိသည်။ ဘေးမဲ့တော၏ စာရင်းကောက် ဧရိယာ နှစ်ခုလုံးမှ အချက် အလက်များကို အခြေခံတွက်ချက်ကြည့်ရာ ၁ဝဝ စတုရန်းကီလိုမီတာတွင် အင်းကျား နှစ်ကောင်ခန့် နေထိုင်ကျက်စားလျက်ရှိသည်ဟု ယင်းဘေးမဲ့တောတွင် အင်းကျား သုတေသနပြုလုပ်နေသူက ပြောသည်။ (အနောက်ဘက် ဧရိယာတွင် အင်းကျား ကောင်ရေ 0.60 ± SD 0.24 နှင့် အရှေ့ဘက် ဧရိယာတွင် အင်းကျားကောင်ရေ 3.05 ± SD 1.03) မြန်မာနိုင်ငံတွင် ကျား၊ ကျားသစ်ပြီးလျှင် အင်းကျားမှာ ထူးခြားသည့် ကြောင်မျိုးစိတ်တစ်မျိုးဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ကျား၊ ကျားသစ် အကောင်ရေ သိသိသာသာ လျော့နည်းကျဆင်းလာချိန်တွင် အင်းကျားသည်လည်း တတိယနေရာသို့ ရောက်ရှိလာသည်။ အရောင်အသွေး လှပဆန်းကြယ်ခြင်း၊ ဆွဲဆောင်မှုရှိခြင်းကြောင့် တရားမဝင်ဈေးကွက်တွင် ကျားနှင့် ကျားသစ်မရှိတော့ချိန်တွင် အင်းကျားဆီသို့ ဦးတည်လာကြသည်။
ထို့ကြောင့် အင်းကျားမျိုးစိတ်ကို ခြိမ်းခြောက်လာနေမှုများလည်း ရှိသည်။ မြန်မာနိုင်ငံတွင် ကျားနှင့် ကျားသစ်တို့ ရှားပါးလာချိန်တွင် အင်းကျားဘက် လှည့်လာပြီး တိုက်ရိုက်သတ်ဖြတ်ခံလာရခြင်းက တရားမဝင် ရောင်းဝယ်ဖောက် ကားမှုဆီကို ဦးတည်လာနေသည်။
''သဘာဝသစ်တောတွေရဲ့ ဆည်းလည်းတွေလည်းဖြစ်၊ သဘာဝတော တွေကို လူတွေအကူအညီမပါဘဲတည်ထောင်ပေးနေတဲ့၊ သဘာဝဂေဟစနစ် ကို ဖန်တီးတည်ဆောက်တဲ့ အင်ဂျင်နီယာတွေလို့ တင်စားနိုင်လောက်တဲ့ မျောက်လွှဲကျော်တွေ၊ အင်းကျားတွေ နေထိုင်ကျက်စားရာ သဘာဝတောတွေ ပျောက်ဆုံးလာနေပါပြီ''ဟု ဦးလှနိုင်က ပြောသည်။
ထို့အပြင် ကျား၊ ကျားသစ်နှင့် အင်းကျားတို့၏ အစားခံသတ္တဝါများလည်း အမဲလိုက် သတ်ဖြတ်စားသောက်သောသူများကြောင့် ရှားပါးလာသည့်အတွက် အင်းကျားများအသက်ရှင်သန်ရပ်တည်ရန်၊ မျိုးပွားရန် ခြိမ်းခြောက်ခံလာရသော အနေအထားကိုရောက်ရှိလာသည်။
မြန်မာနိုင်ငံ၏ သဘာဝတောတောင်ရေမြေကို ရေရှည်စောင့်ကြည့် လေ့လာနိုင်ရန် အင်းကျား သုတေသနလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွား မည်ဟု အင်းကျားထိန်းသိမ်းရေးဆောင်ရွက်နေသူ ဦးလှနိုင်က ဆိုသည်။
ညီတူး

No comments:

Post a Comment