Tuesday, December 26, 2017

လူထုဗဟိုပြုစီမံကိန်းအတွက် စည်းရုံးလှုံ့ဆော်မှုပြုလုပ်

Image may contain: 1 person, standing and outdoor
မိုးကောင်း ဒီဇင်ဘာ ၂၅
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင့်သာကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဒီဇင်ဘာ ၂၄ တွင် လူထုဗဟိုပြုစီမံကိန်းကို ''ကျေးလက်လူထုအခြေပြု ဖွံ့ဖြိုးမှုကို တို့ရှေးရှု''ခေါင်းစဉ်ဖြင့် စည်းရုံးလှုံ့ဆော်မှုပြုလုပ်ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း ၁၈ မြို့နယ်ရှိပြီး မိုးကောင်းမြို့နယ် တွင် ပထမအကြိမ်အဖြစ် ပင့်သာကျေးရွာမှ စတင်ဆောင်ရွက်နေကြောင်း သိရသည်။ လူထုဗဟိုပြုစီမံကိန်းကို နိုင်ငံတော်အစိုးရဘတ်ဂျက်၊ ကမ္ဘာ့ဘဏ် အီတလီအစိုးရနှင့် ဂျပန်အစိုးရတို့၏ ရန်ပုံငွေများ စုစုပေါင်းရန်ပုံငွေ အမေရိကန် ဒေါ်လာ ၅၄၃ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။
ကျေးလက်နေပြည်သူများအတွက် အဓိကကျသော အခြေခံအဆောက် အအုံများနှင့် ဝန်ဆောင်မှုများကို လူထုဗဟိုပြု ချဉ်းကပ်နည်းအသုံးပြုပြီး ကျေးလက်နေပြည်သူအားလုံး အလွယ်တကူ ရယူအသုံးပြုနိုင်အောင် ထောက်ပံ့ ပေးမည်ဖြစ်သည်။ အဆိုပါစည်းရုံးလှုံ့ဆော်မှုတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှူး ခြောက်ဦး၊ လူထုဗဟိုပြု နည်းပညာအကြံပေး ငါးဦး၊ လူထုစည်းရုံးရေးမှူး ၂ဝ၊ လူထုနည်းပညာအင်ဂျင်နီယာ ၁၃ ဦး အကူ နှစ်ဦး စုစုပေါင်း ၄၆ ဦးတို့က ပထမအကြိမ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြသည်။
ယင်းလှုပ်ရှားတွင် လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ရခြင်း၊ လိုအပ် ချက်များကို တင်ပြခွင့်ရခြင်းနှင့် ဦးဆောင်အကောင်အထည်ဖော်ခွင့်ရခြင်း တို့ကို သိရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်ဖြစ်သည်။ လူထုဗဟိုပြု နည်းလမ်းကို အသုံးပြု၍ အကောင်အထည်ဖော်မည်ဖြစ်သည့်အတွက် လူထု ၏ လုပ်ဆောင်နိုင်စွမ်းများ တိုးတက်လာစေရန်လည်း လေ့ကျင့်ပေးမည်ဖြစ် သည်။ အကောင်အထည်ဖော်ပြီးနောက် ရှိလာသည့်ရလဒ်များကို ပြန်လည် ဆန်းစစ်ခြင်းအားဖြင့် စီမံကိန်းအကျိုးခံစားခွင့်ရသူအားလုံးအတွက် အမှန် တကယ်ထိရောက်မှု ရှိ၊ မရှိ တိုင်းတာမည်ဖြစ်သည်။
စီမံကိန်းအကောင်အထည်ဖော်ခြင်း နည်းလမ်းများအနက် ကျေးရွာလူထု အတွက် အသင့်တော်ဆုံးဖြစ်မည့် နည်းလမ်းများကို ရွေးချယ်၍ ပိုမို ကောင်းမွန်အောင် ဖန်တီးပေးခြင်းဖြင့် ကျေးရွာလူထုကိုယ်တိုင် ကျေးရွာ၏ လိုအပ်ချက်များကို လေ့လာသုံးသပ်လာပြီး ထိုလိုအပ်ချက်များကို အထိ ရောက်ဆုံး ဖြည့်ဆည်းနိုင်ရေးအတွက် အရေးကြီးကိစ္စရပ်များကို ဦးစားပေး စီစဉ်ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျေးလက်နေပြည်သူများ ငွေကြေးသုံးစွဲမှုအပေါ် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကိုယ်တိုင်စီမံခန့်ခွဲ နိုင်ရန်အတွက် ယခုလို စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်နေကြောင်း သိရသည်။
နောက်နှစ်များတွင် ပူတာအိုမြို့နယ်နှင့် ရွှေကူမြို့နယ်များပါ ဆက်လက် တိုးချဲ့လုပ်ကိုင်နိုင်ရန် စီစဉ်ထားကြောင်း ကျေးလက်ဦးစီးမှူး ဦးနေသူရိန်စိန်လှ က ပြောသည်။
မင်းမင်းဦး

No comments:

Post a Comment