Saturday, December 2, 2017

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်ဖွင့်လှစ်ပေး

Image may contain: one or more people, crowd and outdoor
ရန်ကုန် ဒီဇင်ဘာ ၁
မြန်မာလူငယ်များအချင်းချင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ မျှဝေနိုင်ရန်နှင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ¤င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက် နိုင်ရန် ရည်ရွယ်ချက်များနှင့်အညီ ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမရှေ့ဥပစာ၌ ကျင်းပရာ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပရေး ဦးစီး ကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
ဖွင့်ပွဲအခမ်းအနားသို့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်စန်းနိုင်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှ ပညာရှင်များ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ၊ လူငယ် များ တက်ရောက်ကြသည်။
ရှေးဦးစွာ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လူငယ်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီး များနှင့် ဧည့်သည်တော်များ၊ လူငယ်များနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြ သည်။
ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယ ပိုင်းအစီအစဉ်ကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကားပြောကြားရာ တွင် သက်တမ်း နှစ်ပေါင်းရာနှင့်ချီတော့မည့် မိမိတို့ အမိတက္ကသိုလ်ကြီး၏ ရိပ်မြုံကြီးထဲတွင် ယခုကဲ့သို့ လူငယ် လူရွယ်များကို စုံစုံညီညီ တွေ့ရသည့်အတွက် အလွန်ပင် အားရကျေနပ် မိပါကြောင်း။
ဤအမိတက္ကသိုလ်ကြီးက မိမိတို့ မိဘများ၊ ဆရာသမားများကို ပညာသင်ပေးခဲ့သလို ဤအမိတက္ကသိုလ်ကြီးက မျိုးချစ်လူငယ်များကို နိုင်ငံနှင့် လူမျိုးအတွက် အမျိုးသားစိတ်ဓာတ် များ သန္ဓေတည်ပေးခဲ့ပါကြောင်း၊ ဤအမိ တက္ကသိုလ်ကြီးက ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ နိုင်ငံ့ခေါင်းဆောင်များ၊ မျိုးချစ်အာဇာနည်များ မွေးဖွားပေးခဲ့ပါကြောင်း၊ ဤအမိတက္ကသိုလ် ကြီးက မိမိတို့ လူငယ်များကို ဝိဇ္ဇာ၊ သိပ္ပံပညာရပ် များ၊ အနုပညာဖန်တီးမှုများ သင်ကြားပေးခဲ့ပါ ကြောင်း၊ တစ်နည်းအားဖြင့်ဆိုရလျှင် ဤအမိ တက္ကသိုလ်ကြီးက မိမိတို့၏ ခေတ်သမိုင်း အဆက်ဆက်၊ လွတ်လပ်ရေးသမိုင်း အဆက် ဆက်ကို တာဝန်ကျေကျေ လက်ဆင့်ကမ်း သယ်ပိုးပေးခဲ့သည့် မိမိတို့အားလုံး၏ ဘူမိ နက်သန်နေရာတစ်ခုဟုဆိုရမည်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ အမျိုးသားရေး သမိုင်းကြောင်း အဆက်ဆက် ပုံဖော်ဖန်တီးပေးခဲ့သည့် အမိ တက္ကသိုလ်ကြီးထဲတွင် မိမိတို့နိုင်ငံ၏ လူငယ် များအတွက် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကြီး တစ်ရပ် ကျင်းပပေးခဲ့သည့်အတွက် တာဝန်ရှိသူ အဖွဲ့အစည်းအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်ဟု ပြောကြားလိုပါ ကြောင်း၊ လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုး များ မျှဝေပေးနိုင်ရန် ကာယ၊ Óဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် မြှင့်တင်ပေး နိုင်ရန် အနာဂတ် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း ကို လူငယ်များ၏ အတွေးအမြင်ကောင်းများ၊ အရည်အသွေးကောင်းများနှင့် အကောင် အထည်ဖော် တည်ဆောက်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဤလူငယ်ဘက်စုံဖွံ့ဖြိုး ရေးပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ လူဦးရေ၏ ၃၃ ဒသမ ၈ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်မှ ၃၅ နှစ် ကြားရှိသည့် လူငယ်များပင်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးကို ပြန်ကြည့်လျှင် နိုင်ငံ တိုင်းလိုလိုသည် မိမိတို့၏ အနာဂတ် လူ့ဘောင်အဖွဲ့အစည်းကြီး ဖွံ့ဖြိုးသာယာစေ ရန်အတွက်Social Capital ဟု ခေါ်သည့် လူမှုအရင်းအနှီးများ၊ Intellectual Capital ဟုခေါ်သည့် ဥာဏအရင်းအနှီးများ အပြိုင် အဆိုင် ရင်းနှီးမြှုပ်နှံကြရာတွင် မျိုးဆက်သစ် လူငယ်များကို ပိုမိုပျိုးထောင်လာခဲ့ကြသည်ကို တွေ့မြင်ကြရမှာဖြစ်ပါကြောင်း။
ယနေ့ ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုး ရေးပွဲတော်ကြီးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဆောင်ရွက်ကြရသည့် ရင်းနှီးမြှုပ်နှံမှုများစွာအနက် အလွန်တန်ဖိုးရှိ လှသည့် လူသားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှု တစ်ခုဟု ပြောရမှာဖြစ်ပါကြောင်း။
ဤပွဲတော်ကြီးတွင် စာပေဆိုင်ရာ လှုပ်ရှားမှုများ၊ အားကစားဆိုင်ရာ လှုပ်ရှားမှု များ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုများ၊ ဆန်းသစ်တီထွင်မှုဆိုင်ရာ လှုပ်ရှားမှုများ ပါဝင်မှာဖြစ်၍ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများ၊ မိဘဆရာများ၊ စာပေဝါသနာ ရှင်များ၊ အနုပညာရှင်များ၊IT ပညာရှင်များ အားလုံး ပျော်ရွှင်တက်ကြွစွာ ဆင်နွှဲပေးကြပါ ရန် တိုက်တွန်းလိုပါကြောင်း။
ထို့အပြင် ပွဲတော်ကြီးတွင် စကားဝိုင်း ဆွေးနွေးပွဲများ၊ ကဗျာရွတ်ပွဲများ၊ စာအုပ် ဈေးခင်းများ၊ ပြပွဲပြခန်းများ ပါဝင်မည်ဟု သိရသည့်အတွက် အလွန်စည်ကားသိုက်မြိုက် ခဲ့သည့် အမိတက္ကသိုလ်ကြီး၏ တက်ကြွ လန်းဆန်းသည့် ပတ်ဝန်းကျင်နှင့် သစ်လွင်လှပ သည့် နိမိတ်ပုံများကို ပြန်လည်တွေ့မြင်ခံစား ရမှာ ဖြစ်ပါကြောင်း။
မိမိတို့ နိုင်ငံတော်၏ အနာဂတ် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်သာယာလှပ အောင် လူငယ်များ၏ စွမ်းပကားကို မြှင့်တင် ပေးကြရမှာဖြစ်ပါကြောင်း၊ လူငယ်များ၏ စွမ်းပကားကို မြှင့်တင်ပေးရန်အတွက်ဆိုလျှင် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက် ပေးရုံဖြင့် မလုံလောက်ဘဲ လူမှုအဖွဲ့အစည်း အသီးသီး၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ အသီးသီးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး ကြရမှာ ဖြစ်ကြောင်း။
ထိုကဲ့သို့ ဆောင်ရွက်ပေးကြခြင်းသည် အနာဂတ်နိုင်ငံတော်၏ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကို တစ်ထောင့်တစ်နေရာမှ ကူညီ ပံ့ပိုးပေးခြင်းဖြစ်ပါကြောင်း၊ ယခုပွဲတော်ကြီးကို တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီး သီးနှင့် မိဘပြည်သူများ၊ လူငယ်လူရွယ်များ အားလုံးက ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြား သည်။
ယင်းနောက် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ယင်းနာက် ၂ဝ၁၆-၂ဝ၁၇ပညာသင်နှစ် အတွင်း နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ထူးချွန်ကျောင်းသားကျောင်း သူများအား ဆုများပေးအပ်ချီးမြှင့်ရာ ဒုတိယ သမ္မတဦးမြင့်ဆွေက Youth Robotics Competition ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၆ ရရှိခဲ့ကြသည့် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ ကွန်ပျူတာနည်း ပညာတတိယနှစ်ကျောင်းသူ မယုဇနဝင်း၊ ကွန်ပျူတာသိပ္ပံနှင့် နည်းပညာဒုတိယနှစ် ကျောင်းသူ မမေပြည့်စုံကျော်နှင့် ရန်ကုန်နည်း ပညာတက္ကသိုလ်မှ ကွန်ပျူတာနည်းပညာ တတိယနှစ်ကျောင်းသား မောင်ဘုန်းသီဟ ကျော်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကYouth Robotics Competition ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၆ ရရှိခဲ့ကြသည့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ တတိယနှစ် ကျောင်းသားများဖြစ်ကြသည့် မောင်ဝေယျာအောင်၊ မောင်ကျော်ဇဇော်နှင့် မောင်ဝေယံထွန်းတို့အား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ASEAN Makerthon 2017 Competition 1st Runner up ဒုတိယဆုရ သတင်းအချက် အလက်နှင့်နည်းပညာတက္ကသိုလ်မှ စတုတ္ထနှစ်ES ကျောင်းသားများဖြစ်ကြသည့် မောင်မင်း ခန့်လင်းနှင့် မောင်ပြည့်ဖြိုးပိုင်တို့အားလည်း ကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကWorld Skills Korea ပြိုင်ပွဲ တွင် ရွှေတံဆိပ်ဆုရ မန္တလေးကွန်ပျူတာ တက္ကသိုလ် သတင်းအချက်အလက်စနစ် ပဉ္စမ နှစ် စီးပွားရေးကျောင်းသား မောင်နေဦးကျော် နှင့် Go Green in the City 2017 International ပြိုင်ပွဲတွင် East Asia Pacific and Japan Level Top (၉) ဆုရ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာ စီးတီး)မှ တတိယနှစ်IST ကျောင်းသား မောင်ဖြိုးသူထက်နှင့် ဒုတိယနှစ် ICT ကျောင်းသူ မဝင်ဒီအိုက်မောင် တို့အား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက Most Diplomatic Delegate from ASIA ပြိုင်ပွဲတွင် 8th Model ASEM ဆုရ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား မောင်ဖြိုးသူရဌေးနှင့် ဟားခါးကောလိပ်မှ ပထမနှစ် သမိုင်းကျောင်းသူ မဗျက်ပါရ်လိန်း တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက 6th ASEAN Plus (APT JSO) ဗီယက်နမ်သို့ တက်ရောက် ခဲ့သော ကျောင်းသားများဖြစ်ကြသည့် ရန်ကုန် တိုင်းဒေသကြီး လမ်းမတော်မြို့နယ် အထက ၂ မှ နဝမတန်းကျောင်းသူ မစိုးရတနာ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) ဖြူးမြို့မှ နဝမ တန်းကျောင်းသူ မကြယ်စင်လင်းလက်၊ ပဲခူး တိုင်းဒေသကြီး(အနောက်) ပန်းတောင်းမြို့နယ် အထကခွဲ ကပစ ၆ မှ နဝမတန်းကျောင်းသူ မဆုဆွေဇင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်မှ နဝမတန်းကျောင်းသူ မခင်ရတနာဖြိုးစံနှင့် နေပြည်တော် ဥတ္တရ သီရိမြို့နယ်မှ နဝမတန်းကျောင်းသူ မထူးမြတ် သွယ်တို့အားလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အကအဖွဲ့က လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်Theme Song သရုပ်ပြ ဖျော်ဖြေခြင်းနှင့် ''ထာဝရမြန်မာ''တေးသီချင်း ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဒုတိယ သမ္မတဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်အတွင်း ခင်း ကျင်းပြသထားသည့် ပြခန်းများနှင့် အနုပညာ ဖျော်ဖြေတင်ဆက်မှုများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို ယနေ့ မှစ၍ ဒီဇင်ဘာ ၃ ရက်အထိ ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ရာ သုံးရက်တာပွဲတော်ကာလ အတွင်း စာပေဆိုင်ရာလှုပ်ရှားမှုများ၊ အနုပညာ ဆိုင်ရာလှုပ်ရှားမှုများ၊ အားကစားဆိုင်ရာ လှုပ်ရှားမှုများ၊ ITနှင့် သိပ္ပံနည်းပညာဆိုင်ရာ လှုပ်ရှားမှုများပါဝင်ပြီး စာအုပ်ဈေးရောင်းပွဲ များ၊ လူငယ်ဆိုင်ရာ အသိပညာပေးအစီအစဉ် များ၊ ဆွေးနွေးပွဲများ၊ အဆို၊ အက၊ အတီး များနှင့် ဖျော်ဖြေမှုများ စသည့်အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်သို့ မည်သူမဆို လာရောက်ကြည့်ရှု ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment