Saturday, December 2, 2017

ဟံသာဝတီလေဆိပ် တည်ဆောက်မည့်မြေနေရာနှင့် အမျိုးသားရေအရင်းအမြစ်ကော်မတီရုံးဆောက်လုပ်မည့်မြေနေရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကြည့်ရှုစစ်ဆေး

Image may contain: 3 people, people standing
နေပြည်တော် ဒီဇင်ဘာ ၁
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ဟံသာဝတီ အပြည် ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်မည့်မြေနေရာ၊ အမျိုးသားရေအရင်းအမြစ် ကော်မတီရုံး ဆောက်လုပ်မည့်မြေနေရာနှင့် အာရှ-ပစိဖိတ်ရေညီလာခံ ကျင်းပ နိုင်ရေး ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး စီမံကိန်း ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် နံနက် ၁၁ နာရီတွင် ပဲခူးမြို့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိသည်။
ဒုတိယသမ္မတအား စီမံကိန်းရှင်းလင်းဆောင်၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး စီမံကိန်း ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က စီမံကိန်း၏နောက်ခံသမိုင်း၊ စီမံကိန်း စတင်ဆောင်ရွက်ခဲ့မှု၊ တင်ဒါခေါ်ယူမှုနှင့် ရွေးချယ်မှု၊ စီမံကိန်းနှင့်ပတ်သက်ပြီး အဆင့်ဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကော်မတီများ ဖွဲ့စည်းတာဝန်ပေးထား မှုနှင့် ခန့်မှန်းကုန်ကျစရိတ်တို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းအား နိုင်ငံတော် စီမံကိန်းအဖြစ် သတ်မှတ်ခဲ့မှု၊ ဂျပန်နိုင်ငံမှ ODA ချေးငွေ ရရှိရန် ဆောင်ရွက်နေမှု၊ စီမံကိန်းအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံနှင့် ရေလိုအပ်ချက်၊ လျှပ်စစ်မီး လိုအပ်ချက်၊ လေယာဉ်ဆီလိုအပ်ချက်နှင့် လမ်းပန်း ဆက်သွယ်ရေး လိုအပ်ချက်များအား ပံ့ပိုးဖြည့်ဆည်းပေး နိုင်ရန် စီစဉ်နေမှု၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း စီမံကိန်းဧရိယာအတွင်း ဆောင်ရွက်ခဲ့သော အထောက် အကူပြုလုပ်ငန်းများနှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက စီမံကိန်း ဧရိယာအတွက် မြေယာကိစ္စများ ဆောင်ရွက်နေမှု၊ ကျူးကျော်စာရင်းများ ကောက်ယူခြင်း၊ လျော်ကြေးပေးနိုင် ရေးနှင့် ပြန်လည်နေရာချထားနိုင်ရေး စသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဒုတိယသမ္မတက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး စီမံကိန်းသည် နိုင်ငံတော်အတွက်အကျိုးရှိသည့် စီမံကိန်း တစ်ခုဖြစ်ပါကြောင်း၊ ညှိနှိုင်းဆောင်ရွက်ရန် ကျန်ရှိသည့် ကိစ္စရပ်များကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ စီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော် နိုင်ရေး ဝိုင်းဝန်းကြိုးစားကြရန်နှင့် မြေယာကိစ္စများအား စနစ်တကျပြီးပြတ်အောင် ဆောင်ရွက်ပေးကြရန် မှာကြား သည်။
ယင်းနောက် ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း တို့နှင့်အတူ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်မည့် မြေနေရာအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်း သည် ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့နယ် ကျောက်တိုင်ကန်ကျေးရွာအနီး ပင်လယ်ရေပြင်အထက် အမြင့် ၁၃၅ ဒသမ ၇၇ ပေတွင် တည်ရှိပြီး မြေဧရိယာမှာ ဧက ၉၆၉ဝ ကျယ်ဝန်းသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် နှစ်စဉ် ခရီးသည်နှင့် လေယာဉ်ခရီးစဉ်များ တိုးတက်လာခြင်း၊ လေဆိပ်အား တိုးချဲ့ရန် ကန့်သတ်ချက်များရှိခြင်း၊ လက်ရှိ လေယာဉ်ပြေးလမ်းပေါ်တွင် အရေးပေါ်အခြေအနေဖြစ်ပွား ပါက Operation အား ဆက်လက်ဆောင်ရွက်ရန် ဒုတိယ ပြေးလမ်း(Second Runway)တိုးချဲ့ရန် မြေနေရာ လုံလောက်မှုမရှိခြင်း၊Wide Body Aircraft များ အကန့် အသတ်ဖြင့် ဆင်း/တက်နေရခြင်း၊ ၂၄ နာရီ Operation ပြုလုပ်ရာတွင် ကန့်သတ်ချက်များရှိနေခြင်းနှင့် ပတ်ဝန်းကျင် ဆူညံသံများ အနှောင့်အယှက်ဖြစ်စေခြင်းတို့ကြောင့် ဟံသာ ဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းအား အကောင် အထည်ဖော်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့်အတူ ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်သို့ရောက်ရှိပြီး အမျိုးသား ရေအရင်းအမြစ်ကော်မတီရုံးဆောက်လုပ်မည့် မြေနေရာ ကို ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ရုံးဆောက်လုပ်ရန် လျာထားသည့်မြေ နေရာ၊ အဆောက်အအုံ ဒီဇိုင်းပုံစံ၊ ဘဏ္ဍာငွေရရှိမှုအခြေ အနေနှင့် ကုန်ကျမည့် ခန့်မှန်းတန်ဖိုးတို့ကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် တတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိပြီး တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံအခမ်းအနားအောင်မြင်စွာ ကျင်းပ နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို စစ်ဆေးရာ တတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာ ခံကျင်းပရေးလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီး မှ တာဝန်ရှိသူများက ဧည့်ခံကြိုဆိုနေရာချထားရေး၊ လုံခြုံ ရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဖျော်ဖြေရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ သတင်း ထုတ်ပြန်ရေး၊ ဘဏ္ဍာရေး၊ အခမ်းအနားအစီအစဉ်နှင့် ဆွေးနွေးရန် အချက်အလက်များ ပြုစုရေးသားရေးလုပ်ငန်း စဉ်များနှင့်စပ်လျဉ်းပြီး ကြိုတင်ဆောင်ရွက်ထားမှုအခြေ အနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး ဦးသန့် စင်မောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်တင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဒုတိယသမ္မတက အာရှ-ပစိဖိတ်ရေညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက် အောင်မြင်ရုံသာမက ညီလာခံမှနေ၍ မိမိတို့နိုင်ငံအတွက် အကျိုးရှိအောင် ဆောင်ကြဉ်းပေးကြရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် နှစ်စဉ်ရေနှင့်ပတ်သက်သည့် ပြဿနာ များကို ရင်ဆိုင်နေရပါကြောင်း၊ နှစ်စဉ်ရင်ဆိုင်နေရသည့် ရေပြဿနာကို မိမိတို့နိုင်ငံအပြင် အခြားနိုင်ငံများနှင့်ပါ ပူးပေါင်းပြီး ဖြေရှင်းပါက ပိုမိုထိရောက်မည်ဟု ယုံကြည် ပါကြောင်း၊ နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုများ သည် များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ ၂ဝ၁၈ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် World Water Forum အတွက် အာရှ-ပစိဖိတ်ဒေသ၏ ရေဆိုင်ရာ စိန်ခေါ်မှုများနှင့် ဝိုင်းဝန်းအဖြေရှာမှုများကို အာရှ-ပစိဖိတ် ကိုယ်စားပြုတင်ပြခြင်းဖြင့် ရေစီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍတွင် နိုင်ငံတော်၏ပုံရိပ်နှင့် စွမ်းဆောင်ရည်မြင့်မားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည့်အပြင် နိုင်ငံ၏ ဂုဏ်ကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း၊ အတွေ့အကြုံကောင်း များကို အခြေခံပြီး ရေညီလာခံအတွက် အကောင်းဆုံး လုပ်ဆောင်ပေးကြရန်နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ပထမအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံကို ၂ဝဝ၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ လည်းကောင်း၊ ဒုတိယအကြိမ် ညီလာခံကို ၂ဝ၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ လည်းကောင်း ကျင်းပခဲ့ပြီး ယခု တတိယအကြိမ် အာရှ-ပစိဖိတ် ရေ ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ရေညီလာခံကို လက်ခံကျင်းပခြင်းအားဖြင့် နိုင်ငံ အတွင်း ကြုံတွေ့ရလျက်ရှိသည့် ရေကြီးခြင်း၊ မိုးခေါင် ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်း၊ သဲ၊ နုန်းပို့ချခြင်း၊ ရေ တိုက်စားခြင်းကြောင့် မြစ်ကမ်းပါးများပြိုပြီး လူနေအိမ် ခြေများနှင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးခြင်း စသည့် ပြဿနာများကို ကမ္ဘာကသိစေပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းများရရှိနိုင်ခြင်း၊ ကမ္ဘာ့အဆင့် ရေပညာရှင်များနှင့် အတူ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများပါ တက်ရောက်မည် ဖြစ်သဖြင့် နိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်စေနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် အနာဂတ်ရေဖူလုံမှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုများကို နိုင်ငံ့ခေါင်းဆောင် များနှင့် ဘဏ္ဍာရေးဝန်ကြီးများ ဦးဆောင်မှုဖြင့် ဒေသတွင်း အစိုးရများနှင့် လူထုအဖွဲ့အစည်းများမှ အခိုင်အမာ အထောက်အကူပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment