Monday, December 4, 2017

ကိုယ့်မှာတကယ်ပြင်းပြတဲ့ဆန္ဒရှိတယ်၊ တကယ်လည်းဖြစ်ချင်တယ်ဆိုရင် ဖြစ်အောင်တကယ်ကြိုးစားပါ အရာအားလုံးဖြစ်နိုင်ပါတယ်

Image may contain: 1 person, standing
အဆိုတော် မိစန္ဒီ
ရန်ကုန်တက္ကသိုလ်တွင် သုံးရက်တာ ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၏ ယနေ့နောက်ဆုံးရက်တွင် RC ခန်းမ၌ အနုပညာလိုက်စားလူငယ်များ ခေါင်းစဉ်ဖြင့် လူငယ်အဆိုတော် မိစန္ဒီနှင့် စာရေးဆရာမ ပုညခင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ လူငယ်တို့၏ အနာဂတ် ရည်မှန်းချက်နှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးမှုများကလည်း လူငယ်ထုအတွက် အတွေးအမြင် အသိပညာများ ရရှိမည်ဖြစ်သည်။ ဆွေးနွေးပွဲအပြီး မြန်မာ့သတင်းစဉ်က ဦးဆောင် ဆွေးနွေးခဲ့သူတို့ကို ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည်။
အဆိုတော် မိစန္ဒီ
ဒီအစီအစဉ်ကို လာရောက်ဖြစ်တာကတော့ မိစန္ဒီကို ဆရာမပုညခင်က လူငယ်တွေနဲ့ဆွေးနွေးဖို့ဖိတ်ခေါ်တဲ့အတွက် ဝမ်းပန်းတသာနဲ့ လက်ခံဖြစ်ခဲ့ တာပါ၊ အခြားအလုပ်တွေရှိနေပေမယ့် ဒီပွဲအတွက် အချိန်ပေးဖြစ်ခဲ့ပါတယ်၊ မိစန္ဒီကိုယ်တိုင်လည်း လူငယ်တစ်ဦးဖြစ်တာကြောင့် ကျောင်းပေါင်းစုံကလာတဲ့ ကျောင်းသား ကျောင်းသူတွေအပေါ် တစ်တပ်တစ်အားလည်း ပါဝင်ချင်တာ ကြောင့် ဖြစ်ပါတယ်။
လူငယ်တွေက ကိုယ်ဖြစ်ချင်တဲ့ဆန္ဒနဲ့ မိဘဖြစ်စေချင်တဲ့ဆန္ဒကြားမှာ ဗျာများတတ်ကြတယ်၊ သူတို့ဘာတွေလုပ်သင့်သလဲဆိုတဲ့ သူတို့ဝါသနာ လေးတွေကို ဘယ်လိုရှာဖွေရမလဲဆိုတာကို မိစန္ဒီရဲ့အမြင်အရ သိသလောက် တတ်သလောက် ဆွေးနွေးပေးခဲ့တယ်။
သူတို့အနေနဲ့ နက်နက်ရှိုင်းရှိုင်း ဘာကိုစိတ်ဝင်စားလဲဆိုရင် မိစန္ဒီရဲ့ ပညာရေးနဲ့ အဆိုတော်ဘဝ ဘယ်လိုကြုံတွေ့အားပြိုင်ခဲ့ရသလဲဆိုတာမျိုးတွေ သူတို့စိတ်ဝင်စားကြတယ်၊ နောက်မိစန္ဒီရဲ့ အတွေ့အကြုံကနေ သူတို့ဘယ်လိုတွေ ဘာရနိုင်မလဲဆိုတာကိုလည်း သူတို့စိတ်ဝင်စားတာတွေ့ရတယ်။
သူတို့မေးတဲ့ မေးခွန်းတွေက တစ်ခါတစ်ခါကျရင် ကိုယ်တောင်မတွေးမိတဲ့ မေးခွန်းတွေတောင်ရှိတယ်၊ ဒီလိုရှိပါလားဆိုတဲ့အသိမျိုးဝင်ပြီး အတွေ့ အကြုံပြန်ရတယ်၊ လူတစ်ယောက်နဲ့တစ်ယောက် မေးခွန်းတွေက တူနိုင်တာ မဟုတ်ဘူး။ သူတို့မေးခွန်းတွေကို မိစန္ဒီရဲ့ အတွေ့အကြုံနဲ့ ပတ်ဝန်းကျင် အကြောင်းအရာတွေပေါ်ယှဉ်ပြီး ဆွေးနွေးခဲ့တယ်၊ မျှဝေခဲ့တယ်၊ လူငယ်တွေရဲ့ ဝေဝါးနေတဲ့လမ်းတွေမှာ အလင်းရောင်တစ်စက်ဖြစ်စေ၊ နှစ်စက်ဖြစ်စေ ပေးလိုက်နိုင်တယ်လို့ သုံးသပ်မိပါတယ်။
မိစန္ဒီအနေနဲ့က လူငယ်တိုင်း ပညာရေးကို ဦးစားပေးစေချင်တယ်၊ မိစန္ဒီ ဆိုရင်လည်း ကိုယ့်ဝါသနာနဲ့ မိဘဖြစ်စေချင်တာကြားမှာ ဗျာများခဲ့သူ ဖြစ်ခဲ့ တယ်၊ ဒါကြောင့် ကိုယ်ဝါသနာပါတာက အခြားအရာဖြစ်နေပေမယ့် ပညာရေးကိုလည်း ဘက်မျှပြီး အာရုံစိုက်စေချင်တယ်လို့ ပြောချင်ပါတယ်။
စာရေးဆရာမ ပုညခင်
သုံးရက်စလုံး ဆွေးနွေးတဲ့အကြောင်းအရာတွေက ကွဲပါတယ်၊ ပထမနေ့ မှာဆိုရင် လူငယ်တွေနဲ့ ကျောင်းသားလူငယ်တွေရဲ့ဘဝမှာ သူတို့ရဲ့ အနုပညာစိတ်ကို လှုံ့ဆော်မှု ရှိ၊ မရှိ အနုပညာစိတ်ဖြစ်ပေါ်လာအောင် ကျောင်းပတ်ဝန်းကျင်မှာ ဒါမျိုးတွေ လိုအပ်ကြောင်းကို ဆွေးနွေးခဲ့တယ်။
ဒုတိယနေ့ဆိုရင် လူငယ်တွေက သူတို့ဝါသနာပါရာကို ရှာဖွေဖို့ လုပ်တဲ့အခါ ဘယ်လိုရှာဖွေရမှန်းမသိတဲ့ မေးခွန်းတွေ မေးတဲ့အပေါ် အဓိကထားပြီး ဆွေးနွေးခဲ့တယ်၊ ဒီနေ့ဆိုရင် တက်ရောက်လာတဲ့ လူငယ်တွေ က အနုပညာကို လုပ်တဲ့အခါ အခက်အခဲတွေရှိတယ်၊ ဒီအခက်အခဲတွေ တွေ့ကြုံလာရင် ဘယ်လိုဆက်လျှောက်လှမ်းရမလဲဆိုတဲ့ မေးခွန်းတွေပေါ် မူတည်ပြီး ဆွေးနွေးပေးခဲ့တယ်။
ဒီပွဲမှာ ကိုယ့်ရဲ့အတွေ့အကြုံတွေကို မျှဝေပြီး အကြံဥာဏ်မျှဝေ ဖြေကြားပေးတဲ့သဘောပါ၊ ရန်ကုန်တက္ကသိုလ်က အရင်က အိုဟောင်း ဆိတ်ငြိမ်ပြီး ရှိခဲ့တဲ့အခြေအနေကနေ ခုနောက်ပိုင်း တစ်စတစ်စ ပြန်လည် အသက်ဝင်လာခဲ့တယ်၊ တက္ကသိုလ်ကြီးက စည်ကားသိုက်မြိုက်နေတာတွေ့ ရတဲ့အတွက် ဝမ်းသာတယ်၊ အခုလို ပွဲလေးတွေ လုပ်လိုက်တဲ့အတွက်ကြောင့် ကျောင်းသားဟောင်းတွေကလည်း အတိတ်ကို လွမ်းဆွတ်ပြီး ရောက်လာကြ တယ်၊ ပစ္စုပ္ပန်မှာကျောင်းတက်နေတဲ့ သူတွေကလည်း လာရောက်ဆင်နွှဲ ကြတယ်။ နောက်တစ်ခုက တက္ကသိုလ်ပညာရပ် သင်ယူမယ့်သူတွေအနေနဲ့ ဘယ်ဘာသာရပ်ကို သင်ကြားရမယ့်ဆိုတဲ့ပြခန်းတွေကို လိုက်ကြည့် လေ့လာ နေတာမြင်ရတဲ့အတွက် ဝမ်းသာစရာကောင်းတယ်၊ လူငယ်တွေအတွက် ပျော်ရွှင်ဖွယ်ကောင်းသလို လူကြီးတွေအတွက် လွမ်းဆွတ်ဖွယ် အမှတ်တရ တွေဖြစ်စေတယ်။
တွေ့ဆုံမေးမြန်း - ဥမ္မာသန့်၊ မြတ်စန္ဒီ
ဓာတ်ပုံ - ရဲထွဋ်

No comments:

Post a Comment