Friday, December 29, 2017

မြန်မာ့ခေတ်ဆန်းပန်းချီ နှစ်(၁ဝဝ)ပြည့်ပွဲတော် ကျင်းပမည်

Image may contain: 1 person, sitting, phone and closeup
ရန်ကုန် ဒီဇင်ဘာ ၂၈
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာ နိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)က စီစဉ်ကျင်းပမည့် မြန်မာခေတ်ဆန်း ပန်းချီ နှစ်(၁ဝဝ)ပြည့်ပွဲတော်ကို မန္တလေးတိုင်းဒေသကြီး ပုဂံ ယဉ်ကျေးမှုနယ်မြေတွင် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် အပြင် ရန်ကုန်တိုင်းဒေသကြီးရှိ အမျိုးသားကဇာတ်ရုံ တွင်လည်း ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့ တွင် ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး(ဗဟို)မှ သိရသည်။
''ဒီလိုပွဲမျိုးက နိုင်ငံတကာမှာလည်း ကျင်းပတယ်၊ နိုင်ငံတိုင်းမှာလည်း ကျင်းပကြတယ်၊ ကျွန်တော်တို့နိုင်ငံ မှာတော့ နှစ်တစ်ရာပြည့် ပထမဆုံး ကျင်းပမှာဆိုတော့ ဒါကစိန်ခေါ်မှု လည်းဖြစ်တယ်၊ အခွင့်အရေးလည်း ဖြစ်တယ်၊ မြန်မာ့အနုပညာ၊ မြန်မာ့ ယဉ်ကျေးမှုကို ကမ္ဘာက သိစေဖို့ဆိုရင် ဒီလိုမျိုးပွဲတော်တွေကို စဉ်ဆက်မပြတ် ကျင်းပနေမှ ဖြစ်မှာ၊ အဲဒါကို နိုင်ငံတော်အစိုးရကော ပြည်သူကော ကျွန်တော်တို့ အနုပညာရှင်တွေ အားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မယ်'' ဟု မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး (ဗဟို) နိုင်ငံတကာ ဆက်ဆံရေးမှူး ပန်းချီ မိုးကျော်သန့်က ပြောသည်။
အဆိုပါပွဲတော်တွင် ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ်၊ ခဲပန်းချီ၊ ဖယောင်းရောင်စုံ၊Tatoo အပြင် မြန်မာ့ပန်းဆယ်မျိုး၏ အနုပညာ လှုပ်ရှားမှုအမျိုးမျိုးကို တင်ဆက်ပြသ သွားမည်ဖြစ်ရာ ပါဝင်ပြသလိုသည့် အနုပညာရှင်များအနေဖြင့် မည်သူ မဆို အနုပညာလက်ရာပစ္စည်းများ ပေးပို့နိုင်ကြောင်း သိရသည်။
''ဒီအနုပညာ လက်ရာပစ္စည်းတွေ ကို ကျွန်တော်တို့စပြီး လက်ခံနေပြီ၊ ပြီးတော့ ကတ်တလောက်အတွက် ပန်းချီဆရာတစ်ဦးကို ပန်းချီကား တစ်ကားနှုန်းနဲ့ ဝင်ရောက်ပြသနိုင်မှာ ဖြစ်ပါတယ်၊ ပန်းချီပန်းပု ပန်းဆယ်မျိုး လုံး ပူးပေါင်းပါဝင်နိုင်ပါတယ်၊ ဒါ့အပြင် ပွဲတော်အတွက် ရာပြည့် အထူးထုတ် မဂ္ဂဇင်းကိုလည်း ထုတ်သွားဖို့ ရှိပါတယ်'' ဟု ပန်းချီ မိုးကျော်သန့်က ဆက်လက်ပြောသည်။
ပါဝင်ပြသလိုသည့် ပန်းချီ၊ ပန်းပု အနုပညာရှင်များအနေဖြင့် မိမိပါဝင် ပြသလိုသည့် အနုပညာလက်ရာများ ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက် အတွင်း မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး(ဗဟို)သို့ ပေးပို့နိုင်သည်။ ပန်းချီကားပေးပို့လိုသူများအနေဖြင့် ဆီဆေး၊ အခရိုင်းလစ် ပန်းချီကား ဆိုဒ် (၃ဒ x ၄ဒ) ဖြင့် အကြီးဆုံးပေးပို့ နိုင်ပြီး ရေဆေးပန်းချီကားဆိုပါက ဆိုဒ်ပြည့်ပေးပို့နိုင်ကြောင်း သိရသည်။
ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် အနု ပညာစွမ်းအားဖြင့် ပါဝင်ဆောင်ရွက် ရန်၊ ပန်းချီပန်းပု ပညာရှင်များ စုပေါင်းလက်တွဲ၍ ပညာရှင်များ၏ ဘဝလူနေမှုအဆင့်မြင့်မားပြီး အနု ပညာမြောက် လက်ရာများ ပိုမို ဆန်းသစ်စေရန်၊ တိုင်းပြည်နှင့် လူမျိုး အကျိုးပြု လက်ရာမွန်များ ထုတ်ဖော် ထိန်းသိမ်းပြီး ရိုးရာယဉ်ကျေးမှုအမွေ အနှစ် ပန်းဆယ်မျိုးပညာရပ်များကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်း ရန်၊ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များ ဖော်ထုတ်ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏ ယဉ်ကျေးမှု ဂုဏ်သိက္ခာများကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများ အထိပါ အထူးထင်ရှားပေါ်လွင်စေ မည့် ပွဲတော်တစ်ခုဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာ့ ခေတ်ဆန်းပန်းချီ နှစ်(၁ဝဝ)ပြည့် ပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ခင်ဇာလီ
ဓာတ်ပုံ - ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment