Friday, December 29, 2017

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်နိုင်ရေး ငွေကျပ် သိန်း ၅ဝ လှူဒါန်း

Image may contain: 4 people, people standing
မြဝတီ ဒီဇင်ဘာ ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနအနေဖြင့် ထိုင်းနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအား ကျွေးမွေးစရိတ်နှင့် အထွေထွေကုန်ကျမှုများ အတွက် ငွေကျပ် သိန်း ၅ဝ ကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁ဝ နာရီက မြဝတီခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
အဆိုပါ လှူဒါန်းငွေကျပ် သိန်း ၅ဝ အား မြဝတီခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူး ဦးတင်မောင်ဝေက လှူဒါန်းပေးရာ မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုတို့က လက်ခံရယူပေးခဲ့ပြီး မြဝတီပြန်လည်ကြိုဆိုလက်ခံရေးစခန်း ရန်ပုံငွေသို့ပေးသွင်း ခဲ့ပါကြောင်း သိရသည်။
''ပြန်လည်ကြိုဆိုရေးစခန်းမှာ ထိုင်းနိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် ပြန်လာသူတွေကို ထမင်းကျွေးရသလို သူတို့ရဲ့နေရပ်ပြန်ဖို့လည်း ကြိုဆိုရေး စခန်းက တာဝန်ရှိသူတွေက အခမဲ့ဆောင်ရွက်ပေးပါတယ်၊ ပြီးတော့ ကျန်းမာ ရေးကိစ္စတွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်၊ ဒီတော့ အထွေထွေ ကုန်ကျ မှုတွေ၊ လိုအပ်မှုတွေ ရှိနေတဲ့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကနေပြီး ငွေကျပ် သိန်း ၅ဝ ကို မြဝတီပြန်လည်ကြိုဆိုရေးစခန်းကို လှူဒါန်းပေးတာပါ၊ ဒါကိုကျွန်တော်က မြဝတီခရိုင်အုပ်ချုပ်ရေးမှူးထံ ဒီကနေ့ လွှဲပြောင်းပေးအပ်လိုက်တာဖြစ်ပါတယ်''ဟု မြဝတီခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတင်မောင်ဝေက ပြောသည်။
ထိန်လင်းအောင်(ပြန်/ဆက်)

No comments:

Post a Comment