Sunday, December 3, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

Image may contain: 5 people, people standing and suit
နေပြည်တော် ဒီဇင်ဘာ ၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ အလုပ်သဘော ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေပိုင်းတွင် ပေကျင်းမြို့မှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့နှင့်အတူ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် ပေကျင်းမြို့မှထွက်ခွာရာ တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယဝန်ကြီး မစ္စတာ ကောရဲ့ကျိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ်တင့်ဆန်း၊ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ နှင့် တာဝန်ရှိသူများက ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တနားနေမည့် ကူမင်းမြို့ Best Yuehang Hotelသို့ ရောက်ရှိကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် အထူးလေယာဉ်ဖြင့် ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Chen Shun၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ မြန်မာကောင်စစ် ဝန်ချုပ်၊ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ညနေ ၃ နာရီ မိနစ် ၂ဝ တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူ များက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment