Monday, December 4, 2017

ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော်အဖြစ် သမ္မတထရန့်က အသိအမှတ်ပြုလျှင် အကြမ်းဖက်မှုဖြစ်လာနိုင်ဟု အာရပ်အဖွဲ့ချုပ် သတိပေး

Image may contain: 2 people, suit
ကိုင်ရို ဒီဇင်ဘာ ၃
အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် ဂျေရုဆလင်ကို အသိ အမှတ်ပြုရန် အမေရိကန်ပြည်ထောင်စု၏ ဦးတည် ဆောင်ရွက်ချက်မှန်သမျှသည် အစွန်းရောက်လှုပ်ရှားမှုနှင့် အကြမ်းဖက်မှုတို့ကိုသာ ဖြစ်စေနိုင်သည်ဟု အာရပ် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး အာမက်အဘူလ် ဂေယစ်က သတိပေးပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန် သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လာမည့် ရက်သတ္တပတ်တွင် ဂျေရုဆလင်အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ်ပြုသည့် ကြေညာချက်တစ်ရပ် ကို ထုတ်ပြန်ဖွယ်ရှိသည်ဟု အမေရိကန်အစိုးရအဖွဲ့ အထက်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ အာရပ်အဖွဲ့ချုပ်က တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။
ပါလက်စတိုင်းတို့သည် အနာဂတ်ကာလတွင် နိုင်ငံတော်ထူထောင်သည့်အခါ ဂျေရုဆလင်ကို ¤င်းတို့၏ မြို့တော်အဖြစ် သတ်မှတ်ရန် လိုလားသည်။ ဂျေရု ဆလင်မြို့တစ်မြို့လုံးကို မိမိတို့ပိုင်ဆိုင်သည်ဟု အစ္စရေး က ပိုင်ခွင့်တစ်ရပ်အဖြစ် ကြေညာခြင်းကို နိုင်ငံတကာ အသိုက်အဝန်းက လက်ခံခြင်းမရှိပေ။ ဂျေရုဆလင်သည် ရဟူဒီ၊ မွတ်စလင်နှင့် ခရစ်ယာန်အားလုံးတို့က ဘာသာရေး အရ အထွတ်အမြတ်ပြုရာ မြို့ဖြစ်သည်။
ဂျေရုဆလင်အား အစ္စရေး၏ မြို့တော်အဖြစ် အသိအမှတ်ပြုရန် သမ္မတထရန့်က ထုတ်ပြန်ကြေညာ မည်ဆိုခြင်းကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကလည်း ဝေဖန်ပြောကြားခဲ့သည်။ ဂျေရုဆလင်မြို့အား အဆင့် အတန်းသတ်မှတ်မှုကို ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့်သာလျှင် ဆုံးဖြတ်သင့်သည်ဟု ယခင်အမေရိကန်သမ္မတ များက ၎င်းတို့၏ သဘောထားရပ်တည်ချက်ကို ထုတ်ဖော် ပြောဆိုခဲ့ကြပြီးဖြစ်သည်။
ဂျေရုဆလင်အား အစ္စရေး၏ မြို့တော်အဖြစ် တစ်ဖက်သတ် သတ်မှတ်ခြင်းမှာ ဥပဒေနှင့် ညီညွတ်သော လုပ်ဆောင်ချက်မဟုတ်ဟု မိမိတို့ အခိုင်အမာ ပြောကြား လိုကြောင်း၊ ယင်းကဲ့သို့ သတ်မှတ်ပါက ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့အတွက် အထောက်အကူမဖြစ်သည့်အပြင် အစွန်းရောက်လှုပ်ရှားမှုများနှင့် အကြမ်းဖက်မှုတို့ကိုသာ ဖြစ်ပေါ်လာစေနိုင်ကြောင်း အာရပ်အဖွဲ့ချုပ်က ထုတ်ပြန် ကြေညာသည်။
ရိုက်တာ

No comments:

Post a Comment