Sunday, December 3, 2017

ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းလောင်း အခြေခံ(အထူး)သင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲကျင်းပ

Image may contain: 1 person, crowd
ရန်ကုန် ဒီဇင်ဘာ ၂
အရာထမ်းလောင်းအခြေခံ (အထူး)သင်တန်း အမှတ်စဉ်(၈) သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပြည်သူ့ဝန်ထမ်း အကယ်ဒမီရတနာသိင်္ဃ ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း၊ အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းမော်၊ ဒေါက်တာဦးပွား၊ ဆေးတက္ကသိုလ်(၁) (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး၊ သွားဘက် ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ရွှေတိုး၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုးနှင့် တာဝန်ရှိပုဂ္ဂိုလ် များ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သင်ကြား/စီမံ ဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် သင်တန်းသား သင်တန်းသူ များ တက်ရောက်ကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ က အမှာစကားပြောကြားရာတွင် နိုင်ငံ့တာဝန်ထမ်းဆောင်မည့် အရာ ထမ်းလောင်း လက်ထောက်ဆရာဝန် များအား အမျိုးသားရေးအမြင်ရရှိရေး နှင့်စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေရေးအတွက် သာမက နိုင်ငံ့ဝန်ထမ်းအရာထမ်း တစ်ဦးအနေဖြင့် သိသင့်သိထိုက် သည့် ပညာရပ်များ၊ ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ ရုံးလုပ်ငန်းလုပ်ထုံး လုပ်နည်းများ သိရှိစေရေးအတွက် သင်ကြားလေ့ကျင့် ပျိုးထောင်ပေးခဲ့ပြီး သက်ဆိုင်ရာပညာရပ်များကို အခြေခံ အားဖြင့် နားလည်သဘောပေါက်စေ ကာ စည်းကမ်းနှင့် ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းလိုက်နာတတ်သော တာဝန် ခံမှု၊ တာဝန်ယူမှုရှိသည့် ဝန်ထမ်း ကောင်းများဖြစ်အောင် လေ့ကျင့် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း။
နိုင်ငံတော်၏ မျှော်မှန်းချက်ဖြစ် သည့် တစ်မျိုးသားလုံး ကျန်းမာရေး စောင့်ရှောက်မှု၊ လွှမ်းခြုံမှု(Universal Health Coverage-UHC) ကို အကောင်အထည်ဖော်ရာတွင် မိမိတို့ တာဝန်ကျရာနေရာများ၌ ပေးအပ် သည့် တာဝန်ဝတ္တရားများကို အစွမ်း ကုန် ကြိုးပမ်းဆောင်ရွက်ကြရင်း လူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိစေရေး၊ ပြည်သူ တစ်ရပ်လုံး ကျန်းမာရေးအဆင့်မြင့်မား ရေးကို ဦးတည်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ တစ်မျိုးသား လုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးကို အကောင်အထည်ဖော် ရာ၌ အင်အားတစ်ရပ်အနေဖြင့် ပါဝင်ပြီး မိမိတို့လုပ်ငန်း တိုးတက်ရေး အတွက် ပြန်လည်အသုံးချနိုင်မည့် လုပ်ငန်းဆောင်ရွက်မှုများ၊ ဆန်းစစ်မှု သုတေသနပြုလုပ်ငန်းများကို တစ်ဦး ချင်းသော်လည်းကောင်း၊ လုပ်ဖော် ကိုင်ဖက်များနှင့် စုပေါင်း၍သော် လည်းကောင်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ မိမိတို့သင်ယူတတ်မြောက်ထားသော ပညာရပ်များနှင့် သင်တန်းမှ သင်ကြားလိုက်သည့် အတွေ့အကြုံ များကို ပေါင်းစပ်၍ ပြည်သူလူထုကို အကောင်းဆုံး ကျန်းမာရေးစောင့် ရှောက်မှုပေးရန် လိုအပ်ပါကြောင်း။
ကျန်းမာရေးစောင့်ရှောက်မှုပေးရာ တွင် လူနာများအပေါ် ကတိသစ္စာပြု အဓိဋ္ဌာန်တွင် ပါဝင်သည့်အတိုင်း ကောင်းမွန်စွာဆက်ဆံပြီး ဆောင်ရွက် ပေးရန်လည်း လိုပါကြောင်း၊ ထို့ပြင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြီးကြပ်စီမံမှု၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၏ ပူးပေါင်း ပါဝင်မှုဖြင့် ဇူလိုင် ၁ဝ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံ ချက်ကို ထုတ်ပြန်ကြေညာနိုင်ခဲ့ ကြောင်း၊ မဟာဗျူဟာစီမံချက် ထုတ်ပြန်ကြေညာသည့် အခမ်းအနား တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က''အရည်အချင်းပြည့်ဝသည့် အတော် ဆုံးသူများကို နိုင်ငံ့ဝန်ထမ်းလောက အတွင်း ရောက်ရှိစေရေး ဆောင်ရွက် သွားရန်''ဟု မိန့်ကြား လမ်းညွှန်ချက် နှင့်အညီ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲ မှုဆိုင်ရာ မဟာဗျူဟာစီမံချက်၊ နယ်ပယ် ၂ ဖြစ်သည့် ''အရည်အချင်း ကို အခြေခံ၍ စွမ်းဆောင်ရည်ရှိမှုကို ဦးစားပေးသော အလေ့အထနှင့် စနစ် များ'' လုပ်ငန်းစဉ်အတိုင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ကြော်ငြာခေါ်ယူသည့် ရာထူးလျှောက် ထားသူများကို ဒီဇင်ဘာလဆန်းပိုင်း တွင် ရာထူးစာမေးပွဲ ပဏာမစစ်ဆေး ခြင်း (Screening Test)ကိုMultiple Choice Question Type ပုံစံဖြင့် အင်္ဂလိပ်စာဘာသာနှင့် သုတရေးရာ ဘာသာတို့ကို စတင် စစ်ဆေးသွား မှာဖြစ်ပြီး စစ်ဆေးမှုများမှတစ်ဆင့် အရည်အချင်းပြည့်ဝသည့် အတော် ဆုံးသူများ နိုင်ငံ့ဝန်ထမ်းလောက အတွင်းသို့ ရောက်ရှိလာစေရန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊
ယခုဆိုလျှင် ဗဟိုဝန်ထမ်း တက္ကသိုလ်များနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြည်သူ့အုပ်ချုပ်ရေး အကယ်ဒမီ Chinese Academy of Governance (CAG) တို့ ပူးပေါင်း ပြီးleadership training, scientific research, policy consultation, public administration and public policy လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်အတွက် နိုဝင်ဘာ ၁၅ ရက်တွင် နေပြည်တော် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ရုံးအမှတ်(၁၇)၌ ဗဟိုဝန်ထမ်း တက္ကသိုလ်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့ အုပ်ချုပ်ရေး အကယ်ဒမီတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေ ဖြင့် သင်တန်းပြီးဆုံးပြီးနောက် ပြည်သူ့ဝန်ထမ်း ဆရာဝန်များအဖြစ် နိုင်ငံ့အကျိုးသယ်ပိုးရန် ခန့်အပ် တာဝန်ပေးသည့် အချိန်မှစတင်၍ နေရာဒေသမရွေး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို အထူးအလေးထားဆောင်ရွက် သွားကြရန်နှင့် သင်တန်းမှ သင်ကြား ပို့ချပေးလိုက်သည့် သင်ခန်းစာများ သာမက မိမိတို့၏ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု၊ ပညာရည်မြင့်မားမှု၊ လက်တွေ့ကျွမ်းကျင်မှုကို အထောက် အကူပြုနိုင်သော စာပေများကို ဆက်လက်ဆည်းပူးလေ့လာရင်း မိမိ တို့၏ အရည်အသွေး ပိုမိုတိုးတက်လာ အောင် ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားသည်။
အဆိုပါသင်တန်းသို့ လက်ထောက် ဆရာဝန်၊ လက်ထောက်ဆရာဝန် (သုတေသနအရာရှိ)၊ လက်ထောက် ဆရာဝန်(ဦးစီးအရာရှိ) အတွက် ဌာနစုမှူး(လက်ထောက်ဆရာဝန်)၊ လက်ထောက်ဆရာဝန်(သွား) ရာထူး တူများ သင်တန်းသား ၂၃၈ ဦး၊ သင်တန်းသူ ၂၇၆ ဦး စုစုပေါင်း ၅၁၄ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ အောက်တိုဘာ ၉ ရက်မှ ဒီဇင်ဘာ ၁ ရက်ထိ ရက်သတ္တ ရှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments:

Post a Comment