Sunday, December 3, 2017

လယ်ယာကဏ္ဍအခြေခံသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ရောက်အောင် အားထုတ်ကြိုးပမ်းကြရန် လိုအပ်

Image may contain: 4 people, people standing, plant, tree, grass, sky, outdoor and nature
နေပြည်တော် ဒီဇင်ဘာ ၂
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကလိုအပ်ချက်တစ်ခုမှာ တောင်သူလယ်သမားများအချင်းချင်း စုစည်းညီညွတ်စွာ ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ စနစ်ကျ စက်မှုလယ်ယာမြေ ဖော်ထုတ်ခြင်း၊ သမဝါယမအစုအဖွဲ့ဆိုင်ရာ စိုက်ပျိုး စရိတ် ရင်းနှီးမတည်ငွေရရှိရေး ဆောင်ရွက်ခြင်း၊ တန်ဖိုးမြင့် လယ်ယာ သုံး စက်ကိရိယာများကို စုပေါင်း ဝယ်ယူပြီး မျှဝေသုံးစွဲခြင်းစသည့် လုပ်ငန်းများသည် ပူးပေါင်းဆောင်ရွက် ရသည့် လုပ်ငန်းများဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားသည်။
ဆက်လက်၍ သမဝါယမအစုအဖွဲ့ များ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် အရင်းအနှီး တောင့်တင်းခြင်း၊ အဆင့်မြင့် စိုက်ပျိုးထုတ်လုပ်မှုစနစ် များ ကျင့်သုံးဆောင်ရွက်နိုင်ခြင်း၊ တစ်အုပ်တစ်မ စိုက်ပျိုးထုတ်လုပ်ပြီး တစုတစည်းတည်း တင်ပို့ရောင်းချ ခြင်းဖြင့် ဈေးကွက်အကျိုးအမြတ် ပိုမို ခံစားကြရခြင်းစသည့် အကျိုးကျေးဇူး ကို ခံစားကြရမည်ဖြစ်ရာ ''အားလုံး ဆောင်ရွက် အားလုံးအတွက်''ဆိုသည့် ခံယူချက်ဖြင့် လယ်ယာကဏ္ဍအခြေခံ သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ရောက်အောင် အားထုတ် ကြိုးပမ်းကြရန် လိုအပ်ကြောင်း၊ ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အထောက် အကူပြုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်စဉ် ဒေသခံတောင်သူများ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ထိုကဲ့သို့ ဆွေးနွေး ပြောကြားခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် စစ်ကိုင်းတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံတို့နှင့်အတူ နံနက် ၉ နာရီ တွင် ရွှေဘိုမြို့နယ် အောင်ချမ်းသာ ကျေးရွာ ခရိုင်အဆင့် ရွှေဘို ပေါ်ဆန်းစပါး မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းသို့ ရောက်ရှိစစ်ဆေးသည်။
မျိုးစေ့စိုက်ခင်းအတွင်း ဆွေးနွေး မှာကြားရာတွင် စစ်ကိုင်းတိုင်းဒေသကြီး သည် ရေမြေအခြေအနေပေးပြီး မြေဆီ သြဇာထက်သန်သည့် ဒေသဖြစ်သည် နှင့်အညီ ဈေးကွက်တောင်းဆိုမှု အလားအလာကောင်းသော ရွှေဘို ပေါ်ဆန်း အပါအဝင် သီးနှံစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ နည်း ပညာနှင့် လိုအပ်ချက်များ အားဖြည့် ကူညီပံ့ပိုးပေးပါက နိုင်ငံတော်၏ လယ်ယာကဏ္ဍ ထုတ်လုပ်မှုစွမ်းအား ကို များစွာအထောက်အကူပြုလာမည် ဖြစ်သည့်အတွက် သက်ဆိုင်သူအားလုံး တို့က ပူးပေါင်းပါဝင်ကြိုးပမ်းဆောင် ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထိုမှတစ်ဆင့် စိုက်ပျိုးရေးသိပ္ပံ ကျောင်း ရတနာသိင်္ဃခန်းမတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသနေ တောင်သူ လယ်သမားများအား တွေ့ဆုံ၍ နိုင်ငံတော်မှ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ပေးလျက်ရှိ သော မူဝါဒလုပ်ငန်းစဉ်များဆိုင်ရာ များ၊ စိုက်ပျိုးရေးနည်းပညာ အဆင့် မြှင့်တင် ဆောင်ရွက်ရန်လိုအပ်ချက် များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment