Saturday, December 2, 2017

ဂျပန် ဧကရာဇ်ဘုရင် အာကီဟီတို ၂ဝ၁၉ ခုနှစ် ဧပြီ ၃ဝ ရက်တွင် နန်းစွန့်မည်

Image may contain: 1 person, smiling
တိုကျို ဒီဇင်ဘာ ၁
ဂျပန်နိုင်ငံ၌ ပြည်သူများ၏ ကြည်ညိုလေးစားခြင်းခံရသူ ဧကရာဇ်ဘုရင် အာကီဟီတိုသည် ၂ဝ၁၉ ခုနှစ် ဧပြီ ၃ဝ ရက်တွင် နန်းစွန့်ရန် အစီအစဉ်ရှိကြောင်း အစိုးရအဖွဲ့က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားသည်။
ဂျပန်ဧကရာဇ်ဘုရင်အဖြစ် ဆယ်စုနှစ်သုံးစုနီးပါး ကြာမျှ စိုးစံစဉ်ကာလအတွင်း ဒုတိယကမ္ဘာစစ်၏ ဒဏ်ရာ ဒဏ်ချက်များကို ကုစားနိုင်ရန် ကြိုးပမ်းခဲ့သူ အာကီဟီတို သည် ရာစုနှစ် နှစ်စုခန့်တာကာလအတွင်း ပထမဆုံးသော နန်းစွန့်သည့်ဘုရင်အဖြစ် သမိုင်းတွင်ရစ်မည်ဖြစ်သည်။
ဥပဒေပြုအမတ်များ၊ တော်ဝင်ပုဂ္ဂိုလ်များနှင့် နိုင်ငံတော် တရားသူကြီးများပါဝင်သော အဖွဲ့ဝင် ၁ဝ ဦး ရှိ တော်ဝင်မိသားစုရေးရာ ကောင်စီ၏ အစည်းအဝေးကို ဒီဇင်ဘာ ၁ ရက်တွင် ပြုလုပ်ခဲ့ရာ ဧကရာဇ်ဘုရင် အာကီဟီတိုနန်းစွန့်မည့် အချိန်ဇယားနှင့်ပတ်သက်၍ သဘောတူညီခဲ့သည်။
ဘုရင် အာကီဟီတိုသည် ဒီဇင်ဘာ ၂၃ ရက်တွင် သက်တော် ၈၄ နှစ် ပြည့်မည်ဖြစ်သည်။ အာကီဟီတိုသည် နှလုံးရောဂါခွဲစိတ် ကုသမှုခံယူခဲ့ရပြီး ဆီးကျိတ်ကင်ဆာ ဝေဒနာအတွက်လည်း ဆေးဝါးကုသမှုခံယူခဲ့ရသူဖြစ်သည်။
မိမိသည် ဇရာထောင်းလာမှုနှင့်အတူ ဘုရင့်တာဝန် ဝတ္တရားများကို အပြည့်အဝထမ်းဆောင်ရန် အခက်အခဲ ရှိလာမည်ဟု စိုးရိမ်မှုဖြစ်ရကြောင်း အာကီဟီတိုက လွန်ခဲ့ သည့်နှစ်တွင် ထူးထူးခြားခြား မြွက်ကြားခဲ့သည်။
ဧကရာဇ်ဘုရင် အာကီဟီတို၏ အရိုက်အရာကို ၎င်း၏ သားတော် အသက် ၅၈ နှစ်အရွယ်ရှိ အိမ်ရှေ့ မင်းသား နာရူဟီတိုက ဆက်ခံမည်ဆို၏။
ဂျပန်နိုင်ငံ၌ နှစ်ပေါင်း ၂ဝဝ ကာလအတွင်း ဧကရာဇ်ဘုရင်တစ်ပါးက ပထမဆုံးအကြိမ် နန်းစွန့်ခြင်း ဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်ပြီးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးချိန်အတွင်း ဘုရင်တစ်ပါး ပထမဆုံးအကြိမ် နန်းစွန့်ခြင်းဖြစ်ကြောင်း တော်ဝင်မိသားစုရေးရာကောင်စီ အစည်းအဝေး၏ သဘာပတိ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားသည်။
တော်ဝင်မိသားစုရေးရာကောင်စီသည် အာကီဟီတို နန်းစွန့်မည့် နေ့ရက်သတ်မှတ်ချက်နှင့်ပတ်သက်၍ အပြီး သတ်အတည်ပြုမှုကို လာမည့်ရက်သတ္တပတ်တွင် ပြုလုပ် ဖွယ်ရှိသည်ဆို၏။
ရိုက်တာ

No comments:

Post a Comment