Wednesday, December 27, 2017

ဆောက်သမ်တန်ကို စပါးက ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်း ဟက်ထရစ်ဂိုး သွင်းယူ

Image may contain: 2 people, people playing sports and outdoor
ပရီမီယာလိဂ်ပွဲစဉ်(၂ဝ)၏ Boxing day ပွဲစဉ် အစောဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် စပါးအသင်းနှင့် ဆောက်သမ်တန်အသင်းတို့ပွဲစဉ်တွင် စပါးအသင်းက ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းပွဲစဉ်တွင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့သည်။
ယင်းပွဲစဉ်တွင် စပါးအသင်းသည် ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး ပွဲပယ် ပြစ်ဒဏ်ကြောင့် အသင်းခေါင်းဆောင် ချာလီအော်စတင် မပါဝင်နိုင်ခဲ့သည့် ဆောက်သမ်တန် အသင်းကို ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပင် ဟယ်ရီကိန်း၏ သွင်းဂိုးနှစ်ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သည်။
စပါးအသင်းနှင့် ဆောက်သမ်တန်အသင်းတို့သည် နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားခဲ့ပြီး တိုက်စစ်မှူး ဟယ်ရီကိန်းသည် ယင်းပွဲစဉ်တွင် ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ၂ဝ၁၇ ခုနှစ်အတွက် ဥရောပ၏ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။
စပါးအသင်းက ဆောက်သမ်တန်အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် စပါးအသင်း အတွက် သွင်းဂိုးများကို ဟယ်ရီကိန်းက သုံးဂိုး၊ အလီက တစ်ဂိုးနှင့် ဆွန်ဟောင်မင်က တစ်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ဆောက်သမ်တန်အသင်းအတွက် ချေပဂိုး နှစ်ဂိုးကို ဘူဖယ်နှင့် တာဒစ်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယင်းပွဲစဉ်တွင် စပါး အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့သည့် ဆွန်ဟောင်မင်မှာ စပါး အသင်းအတွက် ၁၂ ပွဲတွင် ခုနစ်ဂိုးမြောက် သွင်းယူခဲ့သည့် သွင်းဂိုးဖြစ်သည်။ ထို့ပြင် ယခုပွဲစဉ်တွင်လည်း ဆွန်ဟောင်မင်အနေဖြင့် တစ်ဂိုးသွင်းယူပေးခဲ့သည့်အပြင် ဂိုးဖန်တီးပေးနိုင်မှု နှစ်ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သည်။
စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းမှာမူ ယခုပွဲစဉ်တွင် သွင်းဂိုး သုံးဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ပရီမီယာလိဂ်ဂိုးသွင်း အများဆုံး ကစားသမားစာရင်းတွင် ၁၈ ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်လာခဲ့သည်။
နိုင်လင်းကြည်

No comments:

Post a Comment