Tuesday, December 26, 2017

ငလိုက်ဆင်စခန်းသည် အများပြည်သူ လာရောက်အပန်းဖြေသည့် နေရာဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်ရေး ဂရုပြု




 နေပြည်တော် ဒီဇင်ဘာ ၂၅



သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် ငလိုက်ကြိုးဝိုင်း အကွက်အမှတ် ၇၈ အတွင်း မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားသည့် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဆင်ထိန်းသိမ်း ရေးစခန်းသို့ လာရောက်လည်ပတ် အပန်းဖြေသူများက အမှတ်တရ သစ်ပင်စိုက်ပျိုးနိုင်ရေး အတွက် ဝန်ဆောင်မှုပေးရန် ဆောင်ရွက်နေမှုများ၊ အများပြည်သူများ ဆင်စခန်း အတွင်း အနားယူအပန်းဖြေနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ဆင်များအား အစာ ကျွေးခြင်းနှင့် ဆင်စီးခြင်းများ ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ဝန်ထမ်းများ ဖြည့်တင်းထား
ထို့နောက် ရှင်းလင်းဆောင်တွင် စခန်း တာဝန်ရှိသူများက ငလိုက်ဆင် စခန်း အသစ်ထပ်မံ တိုးချဲ့ဖွင့်လှစ်မည့် ဧရိယာ ၅၅၃ ဧကအတွင်း လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြ ရာ ပြည်ထောင်စုဝန်ကြီး က အများပြည်သူများ လာရောက် လည်ပတ် အပန်းဖြေသည့် နေရာတစ်ခု ဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်ရေးကို အထူး ဂရုပြုရန် လိုအပ်ကြောင်း၊ ရာသီအလိုက် ဆင်စီးဝန်ဆောင်မှုပေးမည့် အချိန် ကာလကို ကြိုတင်သတ်မှတ် ကြေညာ ထားရန် လိုအပ်ကြောင်း၊ လုပ်ငန်းစီမံ ခန့်ခွဲမှုအတွက် လိုအပ်သောဝန်ထမ်းများ ဖြည့်တင်းထားရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် အသစ်ထပ်မံတိုးချဲ့မည့် ဆင်စခန်း ဧရိယာအတွင်းရှိ သက်ကြီးကျွန်းစိုက်ခင်း များအတွင်း ခရီးရှည် ဆင်စီးဝန်ဆောင်မှု ပေးရန် ရွေးချယ်ထားသည့် နေရာအား လည်းကောင်း၊ သဘာဝတောများမှ ဆင် ဖြင့် သစ်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်အား သရုပ်ပြသမည့် နေရာ အားလည်းကောင်း၊ ခရီးရှည် ဆင်စီးခြင်း ဝန်ဆောင်မှုပေးမည့် လမ်းကြောင်း အတွင်းရှိ သက်ကြီး အပူပိုင်းထင်းရှူး စိုက်ခင်းနှင့် ပိတောက်စိုက်ခင်းများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment