Thursday, December 28, 2017

သီရိလင်္ကာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ရဲတပ်ဖွဲ့ကို ၂ဝ၁၈ ခုနှစ်တွင် အင်အားတိုးချဲ့မည်

Image may contain: 1 person, standing and outdoor
ကိုလံဘို ဒီဇင်ဘာ ၂၇
ကျွန်းနိုင်ငံဖြစ်သော သီရိလင်္ကာနိုင်ငံသို့ အလည်အပတ်လာရောက်ကြသည့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအတွက် လုံခြုံရေးစောင့်ရှောက်မှုနှင့် အကူအညီများပေးနိုင်ရန် ရည်ရွယ်လျက် ၂ဝ၁၈ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ရဲတပ်ဖွဲ့ကို အင်အားတိုးချဲ့သွားမည်ဖြစ်ကြောင်း သီရိလင်္ကာအစိုးရအဖွဲ့က ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။
သီရိလင်္ကာအစိုးရက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ရဲတပ်ဖွဲ့အင်အား တိုးချဲ့နိုင်ရေး အတွက် နိုင်ငံသုံးငွေ ရူပီးသန်း ၅ဝ (အမေရိကန်ဒေါ်လာ ၃၂ဝဝဝဝ) ခွင့်ပြုပေးခဲ့ကြောင်း၊ ယင်းရဲတပ်ဖွဲ့အနေဖြင့် မိမိတို့နိုင်ငံကို နိုင်ငံခြားသားခရီးသွားများ၏ လုံခြုံသောရိပ်မြုံအဖြစ် လုပ်ဆောင်ပေးကြရန် အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သတင်းတွင် ဖော်ပြသည်။
သီရိလင်္ကာအစိုးရအဖွဲ့သည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ရဲတပ်ဖွဲ့အတွက် မော်တော် ဆိုင်ကယ်သစ် ၁၈ စီး၊ မြေပြင်အခြေအနေအမျိုးမျိုးတွင် မောင်းနှင်နိုင်သော ယာဉ်လေးစီးကို လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါယာဉ်များကို ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးဝန်ကြီးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးတို့က ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် နှစ်ပေါင်း ၃ဝ ကြာ ပြည်တွင်းစစ်ကြောင့် ယင်းနိုင်ငံ၏ ခရီးသွား လုပ်ငန်း ကြီးမားစွာ ထိခိုက်ခဲ့ရသည်။ ယခုအခါတွင်မူ နိုင်ငံတွင်းသို့ ခရီးသွားဦးရေ ဝင်ရောက်မှု ကိန်းဂဏန်းမြင့်မားလာသည်နှင့်အမျှ နိုင်ငံခြားငွေ တိုးတက်ရရှိမှုသို့ ဦးတည်ပြောင်းလဲလာသည်။
သီရိလင်္ကာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ဒုတိယအများဆုံး နိုင်ငံသားများမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ယခုနှစ် အချိန်အထိ တရုတ်နိုင်ငံသား ခရီးသည် ၂၄၉ဝဝဝ ခန့် လာရောက်လည်ပတ်ခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment