Saturday, December 2, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပ

Image may contain: 2 people
ပေကျင်း ဒီဇင်ဘာ ၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ အလုပ်သဘောချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စစ်သံမှူး ဗိုလ်မှူးချုပ် တင့်ဆန်း၊ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးက မြန်မာသံရုံး၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က သိရှိလိုသည်များကို မေးမြန်း သည်။
မှတ်တမ်းတင်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် သံအမတ်ကြီး၊ စစ်သံမှူး၊ မြန်မာ သံရုံးနှင့် စစ်သံရုံးမိသားစုဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ကြိုဆိုနှုတ်ဆက်
ထို့နောက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၅ မိနစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် နှစ်နိုင်ငံထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ရန်(Great Hall of the People) ပြည်သူ့ခန်းမဆောင်ကြီးသို့ ရောက်ရှိသည်။
ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်က နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆို နှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ပြည်သူ့ခန်းမဆောင်
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့သည် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ပြည်သူ့ခန်းမဆောင်ကြီး ပထမထပ်၌ တွေ့ဆုံ ကြသည်။
အကူအညီပေးမည့်ကိစ္စ
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဖြစ်ထွန်းပြီး ဖြစ်သော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အခြေခံ၍ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ အပြည်ပြည်ဆိုင်ရာမျက်နှာစာတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်အဆင့်မြင့် ခေါင်းဆောင်များအကြား ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်သွားလာရေး၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်ရေးနှင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးတို့အပြင် နှစ်နိုင်ငံအကြား အကောင်အထည်ဖော်မည့် စီမံကိန်းကြီး များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား တရုတ်နိုင်ငံမှ ဆက်လက် အကူအညီပေးမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် ပြည်သူ့ခန်းမဆောင်ကြီး ဒုတိယထပ်၌ကျင်းပသည့် တရုတ်ကွန်မြူနစ် ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်သည်။
မျက်နှာစုံညီအစည်းအဝေး
အခမ်းအနားသို့ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲ များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံရေးပါတီ များ၏ အကြီးအကဲများ တက်ရောက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် တရုတ်ကွန်မြူနစ် ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့် ခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေး (ပထမပိုင်း)သို့ တက်ရောက်သည်။
မိန့်ခွန်းပြောကြား
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရ၏ အထူးဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်းပြောကြားသည်။
ယင်းနောက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို (Politburo Standing Committee) အဖွဲ့ဝင် Mr. Wang Huningက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့တက်ရောက်သည်။
သတင်းစဉ်

No comments:

Post a Comment