Sunday, November 26, 2017

UEHRD စေတနာ့ဝန်ထမ်းလူငယ်များ လုပ်အားပေးအစီအစဉ် ပထမအသုတ်ခရီးစဉ်မှ စကားသံများ

Image may contain: 1 person, standing, outdoor and closeup
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း ( UEHRD ) စေတနာ့ဝန်ထမ်းလူငယ်များ လုပ်အားပေးအစီအစဉ် ပထမအသုတ်အဖြစ် စေတနာ့ဝန်ထမ်းလူငယ်များသည် နိုဝင်ဘာ ၁၃ ရက်မှ ၂၁ ရက်အထိ မောင်တောခရိုင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျေးရွာများသို့ ကွင်းဆင်းပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး လုပ်ငန်းများကို ကိုးရက်တာ ဆောင်ရွက်ခဲ့သည်။
ပြည်သူ့အတွက် လူငယ်ရက် (၂ဝ)' ခေါင်းစဉ် ဖြင့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် တို့ရှိ ကျေးရွာများသို့ သွားရောက်သည့် စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့ကို ဘာသာ ပေါင်းစုံ၊ လူငယ်ပေါင်းစုံဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက်ပေးနိုင်ရန်၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေး ကိစ္စများအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည် ပဋိပက္ခကင်းဝေးရေးအတွက် အကူအညီပေး နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။
'ပြည်သူ့အတွက် လူငယ်ရက်(၂ဝ )' အစီ အစဉ်တွင် ပါဝင်လိုသည့် လူငယ်များသည် အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း ရှိရမည် ဖြစ်ပြီး ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ် စသည့်ဖြင့် ရေရှည် ဆောင်ရွက်သွားမည့် အစီအစဉ်တစ်ခုဖြစ် ကြောင်း သိရသည်။ သတင်းအဖွဲ့သည် မောင်တောမြို့သို့ ရောက်ရှိနေသည့် UEHRD စေတနာ့ ဝန်ထမ်းလူငယ်များအား သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
ဦးမောင်မောင်ကြီး (ဦးစီးအရာရှိ)မောင်တောမြို့နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန
လူငယ်အဖွဲ့ဟာ မောင်တော၊ ဘူးသီး တောင်ဒေသကို နိုဝင်ဘာ ၁၃ ရက်ကနေ ၂၁ ရက်အထိ ကိုးရက်တိုင် ကျေးရွာများသို့ ဆင်းပြီး ပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့ပေးမှုအပိုင်းနဲ့ လူသားချင်းစာနာမှုအကူအညီ တွေကို ကူညီပေးခဲ့ပါတယ်။ မောင်တော မြို့နယ်မှာ တိုင်းရင်းသားကျေးရွာ ၁၉ ရွာနဲ့ ဘင်္ဂါလီကျေးရွာနှစ်ရွာ၊ ဘူးသီးတောင် မြို့နယ်မှာ တိုင်းရင်းသားကျေးရွာ ၁၂ ရွာနဲ့ဘင်္ဂါလီကျေးရွာနှစ်ရွာတို့ကို ရောက်ရှိပြီး ကူညီထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်။ ကျေးရွာ တွေကို ဆင်းတဲ့အခါကျေးရွာနေ ပြည်သူတွေ ရဲ့ အချက်အလက်တွေ၊ ဘာတွေ လိုအပ်တယ်၊ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဘယ်လို တွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်စတဲ့ အချက်အလက်မျိုးစုံ စာရင်းကောက်ခံပါတယ်၊ ထောက်ပံ့ပေးမှုအပိုင်းကတော့ လူငါးယောက် ကို တစ်ယူနစ်နှုန်းနဲ့ သတ်မှတ်ပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ ငါးသေတ္တာ၊ အာလူးစတဲ့ စားသောက်ကုန်တွေကို ထောက်ပံ့ပေးခဲ့ပါ တယ်။
လူငယ်အဖွဲ့မှာဆိုရင် နေရာဒေသပေါင်းစုံ နဲ့ ဘာသာပေါင်းစုံပါပါတယ်၊ ဒေသခံတွေကို ထောက်ပံ့ပေးတဲ့ အပိုင်းမှာဆိုရင် ဒေသခံတွေ လည်း ပါလာတော့ ဘာသာစကားအခက်အခဲ သိပ်မရှိပါဘူး၊ ကျွန်တော်တို့ဌာနအနေနဲ့ လူငယ်တွေနဲ့ ပူးပေါင်းပါဝင်ပေးရတာကတော့ ရွာတွေမှာ သွားရောက်လှူဒါန်းပေးမယ့် ရိက္ခာ ပစ္စည်းတွေကို ရရှိအောင်ရုံးအဖွဲ့နဲ့ ပေါင်းစပ် ပြီး ဖြည့်ဆည်းပေးရပါတယ်၊ နောက်တစ်ချက် က လူငယ်တွေ သွားရေးလာရေး၊စားသောက် နေထိုင်ရေးနဲ့ လုံခြုံရေးပိုင်းတွေကို ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနနဲ့ ပူးပေါင်းဆောင်ရွက်ပေးရပါတယ်၊ ပထမအသုတ်အနေနဲ့ ပြီးသွားပေမယ့် နောက် ထပ်လည်း ကိုးရက်ကြာကူညီပေးမယ့် လူငယ် အသုတ် နှစ်သုတ်လာရောက်ပြီး ကူညီထောက် ပံ့ပေးဖို့ စီစဉ်ထားတာလည်းရှိပါသေးတယ်။
ကိုစိုင်းသူ (Central Coordination Team ဦးဆောင်အဖွဲ့)
ကျွန်တော်တို့ရန်ကုန်က ထွက်လာတဲ့အခါ မှာ လူ ၇ဝ ပါလာတယ်။ ဘူးသီးတောင်မှာ ၃၅ ယောက်နဲ့ မောင်တောမှာ ၃၅ ယောက် နေခဲ့တယ်၊ အဲဒီကနေ သွားမယ့်ရွာ အရေ အတွက်ပေါ် မူတည်ပြီးတော့ အဖွဲ့ငယ်လေး တွေ ပြန်ခွဲတယ်၊ ဒီမှာရှိတဲ့သူတွေကို ကျွန်တော်တို့ ရိက္ခာပေးဝေတဲ့အခါမှာ သူတို့ လိုချင်တဲ့ ပစ္စည်းတွေ ကျွန်တော်တို့က ဖြစ်စေ ချင်တယ်၊ ကျွန်တော်တို့ပေးတဲ့ အရာတွေက သူတို့အတွက် ပိုနေတာတွေ မဖြစ်ရအောင် တကယ်လိုချင်တဲ့ ပစ္စည်းရအောင် အရင်တုန်း ကလို ရပ်ကွက်လူကြီးတစ်ယောက်ယောက်ကို ပေးခဲ့လိုက်တာမျိုး မဟုတ်ဘဲနဲ့ ကျွန်တော်တို့ အိမ်တိုင်ရာရောက်လိုက်ပြီး မိသားစုပုံစံ၊ အိမ်ရဲ့ပုံစံတွေကို လေ့လာတယ်၊ သူတို့ဘာ အခက်အခဲရှိသလဲ။ ကျွန်တော်တို့ အထောက် အပံ့ပေးတဲ့အခါ သူတို့ဘာတွေများ လိုချင် သလဲဆိုတာမျိုးတွေ စာရင်းကောက်ယူတယ်၊ ဒါကြောင့် ကျွန်တော်တို့လာတာ သူတို့ အတွက် ပိုပြီးထိရောက်တဲ့ လုပ်ဆောင်မှုတွေ လုပ်နိုင်မယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့ လာတာကတော့ ကွဲပြားတဲ့ အဖွဲ့အစည်းတွေက ဖြစ်ပေမယ့် UEHRDနဲ့HCYD ရဲ့ ခေါင်းစဉ်အောက်မှာတော့ တစ်သားတည်းဖြစ်သွားတာပေါ့၊ ကျွန်တော်တို့HCYD က လူငယ်တွေပါတယ်၊ ကိုဝေဠု ကျော် ဖောင်ဒေးရှင်းက လူငယ်တွေပါတယ်၊NLD က လူငယ်တွေပါတယ်၊ ကမ္ဘောဇ အလင်းကပါမယ်၊ ရခိုင်သဟာရ လူငယ်အဖွဲ့ တွေ ပါမယ်၊ ကျွန်တော်တို့ လူငယ်တွေက လူသားချင်းစာနာထောက်ထားတဲ့ အဆင့်ကို သွားတာမို့ ဘယ်သူ့ကိုပေးတယ်၊ ဘယ်သူ့ကို မပေးဘူး ဆိုတာမျိုး ဝေဖန်မခံရအောင် ကျွန်တော်တို့ မျှမျှတတနဲ့ သူတို့တကယ် လိုအပ်တာတွေ၊ လိုအပ်တဲ့ ပစ္စည်းတွေ ရရှိနိုင်အောင် ကျွန်တော်တို့က သွားရောက် ထောက်ပံ့တာပါ၊ ဒီတစ်ခါမှာတော့ သူတို့ လိုချင်တဲ့ပစ္စည်းမျိုးတွေ အကုန်ပါချင်မှ ပါလိမ့် မယ်၊ အဓိက သူတို့တွေရဲ့ အခြေခံ စားသောက်ကုန်ကို စီစဉ်ပေးထားတယ်။
ကျွန်တော်တို့က မြို၊ ကမန်၊ ဒိုင်းနက် တိုင်းရင်းသားတွေ အများကြီးဆီ ရောက်တယ်၊ မြို တိုင်းရင်းသားတွေဆီရောက်ရင် မြို တိုင်းရင်းသား၊ ကမန်၊ မရမာကြီး အစရှိသဖြင့် ပေါ့၊ ဒေသခံRegional Team တွေက လိုက်ပါပေးတယ်၊ ဒေသခံတွေအတွက် လိုအပ်ချက်က ကျွန်တော်တို့ ဘာကိုသွားမြင် သလဲဆိုရင် အလုပ်အကိုင် အခွင့်အလမ်းပေါ့။ သူတို့တွေက ဆုံးရှုံးမှုတွေ အများကြီးရှိထား တယ်၊ သူတို့ ပြန်ပြီးရပ်တည်နိုင်ဖို့အတွက် အဓိက ဝင်ငွေမရှိဘူး၊ အဓိက ဝင်ငွေတစ်ခု လိုအပ်တယ်၊ အဲဒီဝင်ငွေကလည်း ပုံသေ ရရှိနေမယ့် ဝင်ငွေတစ်ခုဖြစ်ရမယ်၊ ဒါကြောင့် အလုပ်အကိုင်အခွင့် အလမ်းတွေ ဖန်တီးပေး ရမယ်။ အဲဒီတော့ လက်ရှိဖြစ်နေတဲ့ သူတို့ရဲ့ အဆင့်တစ်ခုကို ကျော်ဖြတ်နိုင်မယ်၊ ကျွန်တော် တို့ ဘင်္ဂါလီရွာတွေသွားတဲ့အခါမှာ ကျွန်တော် တို့ မြင်ထားတာက စိန်ခေါ်မှုများမယ်လို့ ထင် ထားတာ။ ဒါပေမယ့် သူတို့ရဲ့ တုံ့ပြန်မှုက ကောင်းမွန်တယ်။
ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆီကို လက်ရှိမြေပြင် အခြေအနေနဲ့ ပတ်သက်ပြီးReport တင်သွား မယ်။ ပထမတုန်းက ကျွန်တော်တို့ လူငယ်တွေ ပဲ ဒီအစီအစဉ်ကို စဖို့ကြိုးစားတာ၊ ကျွန်တော် တို့က အလှူငွေထည့်ရုံပဲဆိုရင် လူသားချင်း စာနာမှု တကယ်ဖြစ်မှာမဟုတ်ဘူး၊ ဒါကြောင့် ကိုယ်တိုင် လာရောက်တာပါ။
ဦးနီမောင် (ဟိန္ဒူဘာသာဝင်)မောင်တောမြို့နယ် လေးမိုင်ရပ်ကွက်
ကျွန်တော်က ဟိန္ဒူဘာသာဝင် တစ်ယောက်အနေနဲ့ ဒေသခံအဖွဲ့ (Regional Team) ထဲမှာ ပါလာတာပါ၊ လာတဲ့အထဲမှာ ဆန်၊ ဆီ၊ ဆား၊ ပဲ ၊ အာလူး၊ နို့မှုန့် အစရှိတဲ့ ပစ္စည်း ခုနစ်မျိုးကို ကူညီပေးပါတယ်၊ ကျွန်တော်တို့တွေ ရခိုင်တိုင်းရင်းသားတွေ နေတဲ့ ရွာတွေ၊ အစ္စလမ်ဘာသာဝင်တွေ နေတဲ့ ရွာတွေနဲ့ ဟိန္ဒူဘာသာဝင်တွေနေတဲ့ ရွာတွေကို သွားရောက်ကူညီပေးပါတယ်၊ အားလုံးကို မျှမျှတတပေးပါတယ်၊ ကျွန်တော် တို့က ဒေသခံတွေအနေနဲ့ လိုအပ်တဲ့ ဘာသာ စကား အခက်အခဲကို ကူညီပေးပါတယ်၊ ကျွန်တော်က ဟိန္ဒူ၊ ဘင်္ဂါလီ၊ ရခိုင်နဲ့ မြန်မာ စကား လေးမျိုးပြောတတ်ပါတယ်၊ ဒီလို လူငယ်တွေ အခုလိုလာရောက်တာ အန်မတန် မှ ကောင်းပါတယ်၊ ဒီကိုလာတဲ့ လူငယ်တွေက တစ်မြို့နယ်တည်း၊ တစ်နေရာတည်းက မဟုတ်ပေမယ့်၊ ညီအစ်ကိုလို ဆက်ဆံပြီး ညီညီညွတ်ညွတ်နဲ့ ကူညီပံ့ပိုးဆောင်ရွက်ပေးကြ တယ်၊ ကျွန်တော်တို့ တစ်သက်မှာ အခုလို ညီညီညွတ်ညွတ်တွေ့တာ ဒါပထမဆုံးပါပဲ။
ကိုဖြိုးကိုကိုဇော်
ဝေဠုကျော်ဖောင်ဒေးရှင်း
ကျွန်တော်တို့ ဝေဠုကျော်ဖောင်ဒေးရှင်း ကလည်း ဒီအစီအစဉ်မှာ volunteerအနေနဲ့ ပါဝင်ခဲ့တာပါ၊ ကျွန်တော်က စရောက်ကတည်း က မောင်တော တောင်ဘက်ပိုင်းတွေကို သွားခဲ့တယ်၊ လိုအပ်တဲ့ စာရင်းတွေ ကောက် တယ်၊ နောက်ရိက္ခာတွေ ဝေပေးပါတယ်၊ နောက်ပိုင်းမှာလည်း မောင်တောမြောက်ပိုင်း ကိုသွားပြီး စာရင်းကောက်တယ်၊ ရိက္ခာတွေ ဖြန့်ပေးတယ်၊ အခက်အခဲကတော့ ဘာသာ စကားပါပဲ၊ အဲဒီလို ဘာသာစကား အခက်အခဲ လေးတွေ ကြုံပေမယ့်လည်းRegional Teamကလည်း ဖြေရှင်းကြတယ်၊ လမ်းခရီးမှာလည်း ကျွန်တော်တို့တွေ တော်တော်လေးပင်ပန်းကြ တယ်၊ ရာသီဥတု မတူတာတွေ၊ လမ်းခရီး ကြမ်းတာလေးတွေပေါ့၊ ကျွန်တော်ကတော့ တိုင်းရင်းသားရွာတွေ ရောက်တာများတယ်၊တိုင်းရင်းသားတွေမှာ ရခိုင်တိုင်းရင်းသားတွေ အပြင်၊ မြိုတို့၊ ခမီတို့လည်းပါပါတယ်၊ ဒီစီမံကိန်းက အခုမှ ပထမဆုံးစတာမို့ အခက် အခဲလေးတွေတော့ရှိတယ်၊ ဒါကလည်း ပထမဆုံး အကြိမ်မို့ ဖြစ်ကောင်း ဖြစ်ပါလိမ့် မယ်၊ ဒုတိယ၊ တတိယတွေ လာဦးမှာ ဆိုတော့ လူငယ်တွေအနေနဲ့ ဒီအစီအစဉ်မှာ ပါဝင်စေချင်ပါတယ်။
ကျွန်တော်တို့လူငယ်တွေရဲ့ အားကို ယုံကြည်လို့ နိုင်ငံတော်က လက်တွဲပြီးဆောင် ရွက်တဲ့အခါ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ လည်း ပါဝင်သင့်တယ်လို့ မြင်ပါတယ်၊ လက်ရှိ ကတော့ ပထမဆုံးမို့ သူတို့ရဲ့ လိုအပ်မှုတွေ ကို စာရင်းကောက်ထားတယ်။ ဒေသလိုအပ်ချက်၊ သူတို့ မိသားစုရဲ့ လိုအပ်ချက်၊ သူတို့ အိမ်အတွက် လိုအပ်ချက်တွေကို အသေးစိတ် စာရင်းကောက်ယူထားတယ်၊ တချို့က ဒါက တကယ်ရမှာလားဆိုတာမျိုး မေးတာပေါ့၊ ကျွန်တော်တို့ ကောက်ယူခဲ့တဲ့ စာရင်းတွေက နိုင်ငံတော်ကို ရောက်မှာမို့ တိုင်းရင်းသားတွေ ရဲ့ဒေသမှာ ဖွံ့ဖြိုးပြီး စီးပွားရေးတွေလည်း အဆင်ပြေလာဖို့ ရှိပါတယ်၊ ဒါကြောင့် ကျွန်တော်တို့က ပိုအပင်ပန်းခံပြီး စာရင်းကို သေချာ ကောက်ယူတယ်၊ ဒီခရီးစဉ်က ပင်လည်း ပင်ပန်းတယ်၊ ပီတိလည်းဖြစ်ရတယ်၊ ပင်ပန်းနေပေမယ့် ရွာတွေရောက်တဲ့အခါ ဘာသာစကား အခက်အခဲကြောင့် အမှတ်တမဲ့ အလွဲလေးတွေက အပျော်အဖြစ် ကူးစက် တာပေါ့၊ ကျွန်တော်တို့ ရိက္ခာတွေ ဝေပေးတဲ့ အခါ သူတို့မျက်နှာမှာ ပေါ်လာတဲ့ အပြုံး တစ်ခုက ကျွန်တော်တို့ကို ပီတိပြန်ဖြစ်စေပါ တယ်၊ ဒါဟာ ကျွန်တော်တို့ရခဲ့တဲ့ အပျော်ပီတိ တစ်ခုပါ။
တွေ့ဆုံမေးမြန်း-သတင်းအဖွဲ့

No comments:

Post a Comment