Sunday, November 26, 2017

ပရိသတ်တွေကို ပဟေဠိဝှက်ခဲ့တဲ့ ဒေမီလက်ဗားတိုး

Image may contain: 1 person, standing and wedding
အမေရိကန်ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်ပြီး သရုပ်ဆောင်တစ်ဦးအဖြစ်ပါ လှုပ်ရှားနေတဲ့ ဒေမီလက်ဗားတိုးက သူ့ရဲ့ပရိသတ်တွေကို သို့လောသို့လောအတွေးမျိုးစုံ ဝင်စေခဲ့ပါတယ်။ လတ်တလောမှာတော့ ဒေမီလက်ဗားတိုးက သူ့ရဲ့လူမှုကွန်ရက်မီဒီယာတွေဖြစ်ကြတဲ့ အင်စတာဂရမ်စာမျက်နှာနဲ့ တွစ်တာစာမျက်နှာတွေပေါ်မှာ သတို့သမီးဝတ်စုံဝတ်ဆင်ထားတဲ့ သူ့ရဲ့ဓာတ်ပုံကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး ဓာတ်ပုံနဲ့တွဲဖက်ကာ တစ်စုံတစ်ရာရေးသားဖော်ပြခဲ့ခြင်းမရှိတာကြောင့် ပရိသတ် တွေက ဒေမီလက်ဗားတိုးအနေနဲ့ ဘယ်လိုအကြောင်းကြောင့် ယခုလိုဖော်ပြခဲ့တာကို ဝေခွဲမရဖြစ်နေကြရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်မှာ ဒေမီလက်ဗားတိုးက သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ရက်မီဒီယာစာမျက်နှာတွေပေါ်မှာ အဖြူရောင်သတို့သမီးဝတ်စုံကို ဝတ်ဆင် ထားတဲ့ သူ့ရဲ့ဓာတ်ပုံကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ယင်းဓာတ်ပုံမှာတော့ ပန်းပွင့်တွေနဲ့ တန်ဆာဆင်ထားတဲ့ သတို့သမီးဝတ်စုံနဲ့ အလွန်ကိုလှနေတဲ့ ဒေမီကို တွေ့မြင်ခဲ့ရပါတယ်။
အချို့သောပရိသတ်တွေကတော့ ဒေမီရဲ့ ဓာတ်ပုံအောက်မှာ ဝတ်စုံနဲ့အလွန်လှကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။ အချို့ကတော့ ဒေမီ လက်ဗားတိုးအနေနဲ့ လက်ထပ်တော့မှာကို ဖော်ပြချင်နေတာဖြစ်တယ်လို့ ဝေဖန်ကြပြီး အချို့ကတော့ ဒီလိုဖော်ပြမှုဟာ သူ့ရဲ့တေးဂီတလှုပ်ရှားမှုသစ်တွေနဲ့ ဆက်စပ်နေနိုင်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။ ဒေမီလက်ဗားတိုးရဲ့ တေးသီချင်းသစ် မကြာမီထွက်ရှိတော့မှာဖြစ်ကြောင်း ဝေဖန်ခဲ့သူတွေရှိကြသလို အချို့ကလည်း ဒေမီရဲ့ တေးဗီဒီယိုသစ်နဲ့ပတ်သက်ပြီး လှစ်ဟပြတဲ့ဓာတ်ပုံဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။
လတ်တလောမှာ အသက် (၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ပ်ကြယ်ပွင့် ဒေမီလက်ဗားတိုးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သူ့ရဲ့ခြောက်ခုမြောက် တေးအယ်လ်ဘမ်ကို စတင်ထုတ်လွှင့်ပေးခဲ့တာဖြစ်ပြီး အင်တာဗျူးတစ်ခုမှာလည်း တေးအယ်လ်ဘမ်သစ်ဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ ပိုမိုပါဝင် မှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးကြောင်းလည်း သိရပါတယ်။ ဒါ့ကြောင့် လတ်တလော ဖော်ပြခဲ့တဲ့ သူ့ရဲ့ဓာတ်ပုံဟာ တေးအယ်လ်ဘမ် သစ်နဲ့လည်း သက်ဆိုင်နေတယ်လို့ ဆိုနိုင်ပါတယ်။
လက်ထပ်တော့မှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်းဖြစ်တယ်လို့ ဝေဖန်ရာမှာတော့ လက်ရှိမှာ ဒေမီလက်ဗားတိုးမှာ လက်တွဲနေတဲ့ ချစ်သူမရှိတာကြောင့် ဒီဝေဖန်မှုဟာတော့ အတော်လေးအလှမ်းဝေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒေမီလက်ဗားတိုးဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း ဝေးလ်မားဗယ်ဒါရာမာနဲ့ ချစ်သူတွေအဖြစ်လက်တွဲခဲ့ပြီး တေးသံရှင်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျိုးဂျိုနက်စ်နဲ့လည်း ချစ်သူတွေဖြစ်ခဲ့ဖူးပါတယ်။
အေးပြည့်

No comments:

Post a Comment