Sunday, November 26, 2017

လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဂျနီဖာလောရန့်စ်နဲ့ ဒါရန်အရိုနော့ဖ်စကီး

Image may contain: 2 people, people smiling, people standing
ဟောလိဝုဒ်ရဲ့ နာမည်ကျော်ကြယ်ပွင့်စုံတွဲတစ်တွဲရဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သတင်းတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ ဟောလိဝုဒ်ရဲ့ မီဒီယာ စာမျက်နှာတွေပေါ်မှာ နေရာယူလာတာတွေ့ရပါတယ်။ သူတို့တွေကတော့ အော်စကာဆုရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ ဂျနီဖာလောရန့်စ်နဲ့ နာမည်ကျော် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒါရန်အရိုနော့ဖ်စကီးတို့ပဲ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးဟာ ချစ်သူတွေအဖြစ် တစ်နှစ်ခန့်လက်တွဲခဲ့ပြီးနောက် မှာတော့ ယခုလို တစ်လမ်းဆီခရီးဆက်ကြဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
သူတို့နှစ်ဦးဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ''Mother''ရုပ်ရှင်ရိုက်ကူးစဉ်မှာ စတင်တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့လ အတွင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံခဲ့ခြင်းမရှိတော့ဘဲ လမ်းခွဲလိုက်ကြတာဖြစ်တယ်လို့လည်း ရေးသားဖော်ပြခဲ့ကြတာတွေ့ရပါတယ်။ ''Mother''ရုပ်ရှင်မှာတော့ ဂျနီဖာလောရန့်စ်က အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်ထားတာဖြစ်ပြီး ဒါရန်အရိုနော့ဖ်စကီးကတော့ အဆိုပါ ရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်ပါတယ်။
ဂျနီဖာလောရန့်စ်နဲ့ ဒါရန်အရိုနော့ဖ်စကီးတို့ဟာ အသက်အရွယ်အားဖြင့် (၂၁) နှစ်ခန့် ကွာခြားတာဖြစ်ပြီး သူတို့နှစ်ဦးချစ်သူတွေအဖြစ် စတင်လက်တွဲခဲ့ကြတဲ့ ၂ဝ၁၆ ခုနှစ်အစောပိုင်းကာလတွေမှာ နှစ်ဦးအကြားက ဆက်ဆံရေးနဲ့ပတ်သက်ပြီး အထူးလျှို့ဝှက်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့နှစ်ဦး ချိန်းဆိုတွေ့ဆုံခဲ့ကြတာကို မီဒီယာတွေက ဓာတ်ပုံရိုက်ယူထားပြီး မီဒီယာစာမျက်နှာတွေပေါ် ရောက်ရှိလာကြ တာဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာတော့ သူတို့နှစ်ဦးကို အခမ်းအနားအချို့မှာ အတူတွဲဖက်တက်ရောက်ခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း လန်ဒန်မှာ ကျင်းပခဲ့တဲ့ အနုပညာထူးချွန်ဆုပေးပွဲတစ်ပွဲကိုလည်း အတူတက်ရောက်ခဲ့ကြပြီး မကြာမီမှာပဲ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သတင်းတွေလည်း ပေါ်ထွက်လာတာဖြစ်ပါတယ်။
ဂျနီဖာလောရန့်စ်ဟာ ဒါရန်အရိုနော့ဖ်စကီးနဲ့ လက်မတွဲမီက ဗြိတိန်သရုပ်ဆောင်မင်းသား နီကိုးလက်စ်ဟောက်ထ်နဲ့ ချစ်သူတွေအဖြစ် အကြိမ်ကြိမ်ပြန်လည်လက်တွဲခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်အတွင်းမှာတော့ နာမည်ကျော်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''Coldplay''ရဲ့ တေးသံရှင် ခရစ်မာတင်နဲ့ ချစ်သူတွေဖြစ်ခဲ့သူပါ။ ဒါရန်အရိုနော့ဖ်စကီးကတော့ ရေချယ်လ်ဝိဇ်နဲ့ ကိုးနှစ်ကြာလက်တွဲခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်အတွင်း တရားဝင်လမ်းခွဲခဲ့သူ ဖြစ်ပါတယ်။ သူတို့နှစ်ဦးမှာ သားလေးတစ်ဦးထွန်းကားခဲ့ပြီး လက်ရှိမှတော့ အသက်(၁ဝ)နှစ်အရွယ်ရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment