Sunday, November 26, 2017

ရွှေရောင်တောက် ဇလုံတောင်သို့ ဘုရားဖူးများ နိုဝင်ဘာလဆန်းမှစ၍ အဝင်များလာ

Image may contain: sky, outdoor and nature
မုံရွာ နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ မြောက်ဘက် ၁၄ မိုင် ၆ ဖာလုံကွာဝေးသော ရွှေရောင်တောက်ဇလုံတောင်သို့ နိုဝင်ဘာလဆန်းမှ စတင်၍ဘုရားဖူးခရီးသည်များ အဝင်များလာနေကြောင်း သိရသည်။
''နိုဝင်ဘာလမှာ ဘုရားဖူးတွေ အတော်လာနေပေမယ့် ဇလုံတောင် သွားလမ်းက အဆင်သင့်တော့မဖြစ်သေးပါဘူး၊ အခါတိုင်းနှစ်တွေမှာ နိုဝင်ဘာလ ဆိုရင်သွားလာဖို့လမ်းကအဆင်သင့်ဖြစ်နေပြီ၊ အခုနှစ်က မိုးကြောင့် လုပ်ရ တာနောက်ကျတာပါ'' ဟု ဗန်းမောက်မဲဆန္ဒနယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောသည်။
ဇလုံတောင်သို့သွားရာတွင် ဗန်းမောက်မြို့မှ မြောက်ဘက် ၁၄ မိုင် ၆ ဖာလုံ လမ်းတစ်လမ်းမှသာ သွားလာနိုင်ပြီး တောင်တက်တောင်ဆင်းများသည့် မြေသားလမ်းဖြစ်ရာ တောင်တက်ကားအသင်းမှ ကားများဖြင့်သာ ဇလုံတောင် သို့ပို့ဆောင်ပေးနေကြောင်း သိရသည်။
''တောင်တက်ကားအသင်းကို မနှစ်က စပြေးဆွဲပေးတာပါ၊ တောင်တက် ကားအသင်းမှာ ဒီနှစ်အစင်း ၆ဝ လောက်ရှိနေပြီ၊ ခရီးသည်ရှိရင် ရှိသလို ကားတစ်စီးကို ဘုရားဖူး ၁၅ ဦးစီ လိုက်ဖို့သတ်မှတ်ထားပါတယ်၊ ခရီးသည် တစ်ဦးကို အသွားအပြန် ငွေကျပ် ၆ဝဝဝ နဲ့ ပြေးဆွဲပေးနေပါတယ်'' ဟု ဗန်းမောက်မြို့နေသူတစ်ဦးက ပြောပြသည်။
ဇလုံတောင်သွားရာလမ်းသည် မြေသားလမ်းဖြစ်ပြီး မိုးရာသီ တစ်နှစ် ပြီးလျှင် တစ်ခါပြန်ပြင်နေရသောကြောင့် ကျောက်ချောလမ်းခင်းရန်အဆင် မပြေနိုင်သေးကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောသည်။
လက်ရှိကာလတွင် လူအများစိတ်ဝင်စားနေသော ရွှေရောင်တောက်လေ့ရှိ သော ဇလုံတောင်နှင့်ပတ်သက်၍ ဦးဝင်းရွှေက ပြောပြရာတွင် ''ညနေဆည်းဆာချိန် ဇလုံတောင်ကို နေထိုးတဲ့အချိန်မှာ ရွှေရောင်တောက်တာပါ၊ ညနေ ၅ နာရီ ၁၁ မိနစ်လောက်မှာ ရွှေရောင်တောက်တာမြင်ရလေ့ရှိပြီး လေးမိနစ် ဝန်းကျင် လောက်ကြာပါတယ်၊ နေ့တိုင်းတော့မဖြစ်ပါဘူး၊ တစ်ခါတလေကျတော့ နှစ်ရက်လောက် ရွှေရောင်တောက်သလို တစ်ခါတလေကျတော့ ဘုရားဖူး တွေ သုံးရက်လောက်စောင့်တာ ရွှေရောင်တောက်တာမတွေ့ခဲ့ရဘူးလို့ သိရတယ်၊ ဇလုံတောင်ရဲ့ မူရင်းအရောင်က ခဲရောင်၊ အမည်းရောင်၊ အဖြူရောင် တွေနဲ့ရောစပ်နေတာတွေ့ရပါတယ်၊ ဘုရားဖူးတွေကတော့ သူတို့အယူအဆနဲ့ သူတို့ကြည်ညိုကန်တော့ကြတာတွေ့ရပါတယ်''ဟု ဦးဝင်းရွှေက ပြောသည်။
ဇလုံတောင်ဘုရားဖူးလာသူများအနေဖြင့် တောင်တက်ကားများသည် မိုးချုပ်လျှင် မောင်းရသည်မှာအဆင်မပြေသည့်အတွက် မနက်မိုးလင်း အလင်းရောင်ရချိန်မှ ညနေမမှောင်ခင်အထိ ပြေးဆွဲပေးနေကြောင်း သိရသည်။ဇလုံတောင်မှ ရွှေရောင်တောက်သည့်အကြောင်းကို ဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်၍ လူမှုကွန်ရက်စာမျက်နှာပေါ်တင်ပြီး နောက်ပိုင်းမှစတင်ကာ ဘုရားဖူး များတစ်စထက်တစ်စ များလာခြင်းဖြစ်ရာ ယခုနှစ်နိုဝင်ဘာလဆန်းမှစ၍ သိသိသာသာများပြားလာကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment