Wednesday, November 29, 2017

မောင်တောဒေသခံ ပြည်သူများအား ကျန်းမာရေး အသိပညာပေးလုပ်ငန်းများအဓိက လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

Image may contain: 5 people, people sitting
မောင်တော နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ် မောင်တောဒေသခံပြည်သူများ ကျန်းမာရေး အသိပညာ တိုးပွားစေရေးအတွက် ကျန်းမာရေးအသိပညာ ပေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က ပြောသည်။
ယနေ့မွန်းလွဲပိုင်းတွင် မောင်တောခရိုင်တောင်ပိုင်းကိုင်းကြီး(မြို)ကျေးရွာသစ်၌ ထည့်သွင်းအကောင်အထည် ဖော် တည်ဆောက်မည့် ဒေသခံမြိုတိုင်းရင်းသားများအတွက် ကျေးလက်ဆေးပေးခန်းသစ် တည်ဆောက်မည့်မြေနေရာ ပန္နက်တင် အခမ်းအနားတွင် ဒေါက်တာမေဝင်းမြင့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် မောင်တောဒေသတောင်ပိုင်း၌ မြိုလူမျိုးစုများအတွက် ကျေးရွာသစ် အကောင်အထည်ဖော် တည်ဆောက်နေသော ကိုင်းကြီး(မြို) ကျေးရွာ၌ ကျေးလက်ဆေးပေးခန်း အဆောက်အအုံကို သတ်မှတ် စံနှုန်းနှင့်အညီ ထည့်သွင်းတည်ဆောက်မည်ဖြစ်သည်။ အဆိုပါ ဆေးပေးခန်း ပန္နက်တင် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မြိုကျေးရွာသစ်၌ကျင်းပရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်နှင့် အဖွဲ့၊ မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် တာဝန်ရှိသူများက မင်္ဂလာပန္နက် ရိုက်ကြသည်။
''ကျွန်မတို့ ဒီကိုရောက်လာတာကတော့ ပါတီဝင်တွေ တစ်လတစ်ကြိမ် အစည်းအဝေးလုပ်တဲ့အခါ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ကျေးရွာပြန်လည်ထူထောင်တဲ့ရာမှာ ပါဝင်ဆောင်ရွက်ပေးဖို့ ဖိတ်ခေါ်ပါတယ်၊ ကျွန်မတို့က လည်း လိုအပ်တဲ့ တစ်ထောင့်တစ်နေရာက ကူညီပေးဖို့ ဆန္ဒရှိပါတယ်၊ ဆရာဝန်တစ်ယောက်ဖြစ်လို့ ကျန်းမာရေး ဘက်ကအကူညီပေးဖို့ပြောတဲ့အခါ ပြန်လည်ထူထောင်ရေး မှာ ငွေကျပ်သိန်း ၁၇ဝ လာလှူတာဖြစ်ပါတယ်၊ ကျေးလက် ဆေးပေးခန်းဆောက်ပြီးရင်လည်း လိုအပ်တဲ့ဆေးပစ္စည်း တွေ၊ အသုံးအဆောင်တွေ၊ ကျေးလက်ဆေးပေးခန်းနဲ့ ညီအောင် အားလုံးတာဝန်ယူလုပ်ဆောင်ပေးသွားမှာဖြစ် ပါတယ်၊ ဆေးဝါးဖူလုံမှုနဲ့ ဒေသခံပြည်သူတွေကိုကျန်းမာရေး အသိပညာပေးဖို့ကိုတော့ အဓိကလုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်၊ ဒါမှရေရှည်မှာ ဒီမြိုကျေးလက်ဆေးပေး ခန်းဟာ မြိုတစ်ရွာတည်းအတွက် မဟုတ်ဘဲ ဝန်းကျင် ကျေးရွာတွေအတွက်ပါ အကျိုးပြုနိုင်မယ့် ဆေးခန်းတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်''ဟု ဒေါက်တာမေဝင်းမြင့်က ပြောသည်။
ယနေ့ကျင်းပသော ကိုင်းကြီး(မြို) တိုင်းရင်းသား ကျေးရွာသစ်၌ ထည့်သွင်းအကောင်အထည်ဖော် တည် ဆောက်မည့် ကျေးလက်ဆေးပေးခန်း ပန္နက်တင်အခမ်းအနား သို့ မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီးကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာရွှေမုံနှင့် ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီ တို့ တက်ရောက်ကြသည်။
သတင်းအဖွဲ့၊ ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment