Wednesday, November 29, 2017

ငမိုးရိပ်(သစ္စာလမ်း)တံတားသစ်၌ နိုဝင်ဘာ ၂၉ ရက်တွင် ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုမည်

Image may contain: sky, cloud, tree, outdoor and nature
ရန်ကုန် နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သစ္စာ လမ်းနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ငါးမာန်အောင် ဘုရားလမ်းကို ဆက်သွယ်ပေးထားသော ငမိုးရိပ်ချောင်းကို ဖြတ်သန်း တည်ဆောက်ထားသည့် ငမိုးရိပ်(သစ္စာလမ်း)တံတားသစ် တည်ဆောက်ရေးစီမံကိန်းမှာ ယခုအခါ တံတားတစ်စင်းလုံး တည်ဆောက်ပြီးစီးသွားပြီဖြစ် သဖြင့် နိုဝင်ဘာ ၂၉ ရက်တွင် ယာဉ်များ ဖြတ်သန်းသွားလာ ခွင့်ပြုတော့မည် ဖြစ်သည်။
ငွေကျပ် သန်းပေါင်း ၅၂ဝဝ အကုန်အကျခံ တည်ဆောက်ထားသည့် ငမိုးရိပ်(သစ္စာလမ်း)တံတားသစ် ကို သံကူကွန်ကရစ်၊ ဘိုးပိုင်အုတ်မြစ်ဖြင့် တည်ဆောက် ထားခြင်းဖြစ်သည်။ တံတား၏အလယ်ခန်းကိုTwin Box Girder သံပေါင်ရက်မတင်ထားပြီး ကျန်အပိုင်းများကိုR.C.C စနစ်ဖြင့် ဆောင်ရွက်ထားကြောင်း သိရသည်။ တံတားသစ်ကို ကွန်ကရစ်တိုင်ပေါင်း ၁၆ တိုင်ဖြင့် တည်ဆောက်ထားပြီး ပင်မတံတားအရှည်မှာ မီတာ၂၈ဝ (၉၁၈ ပေ)ရှိကြောင်း သိရသည်။ တောင်ဥက္ကလာပဘက် ခြမ်းရှိ ချဉ်းကပ်တံတားအရှည်မှာ ၆၅ မီတာ(၂၁၃ ပေ) ရှိပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဘက်ခြမ်းရှိ ချဉ်းကပ် တံတား အရှည်မှာ ၆၃ မီတာ (၂ဝ၇ ပေ) ရှိကြောင်းနှင့် စုစုပေါင်း ပေအရှည် ၁၃၂၈ ပေရှိကြောင်း သိရသည်။
Design and Build နည်းစနစ်ဖြင့် တည်ဆောက် ထားသော အဆိုပါတံတားသစ်မှာ ရေပြည့်ချိန်၌ အလျားလိုက် ရေလမ်းကင်းလွတ် နယ်မြေ မီတာ ၅ဝ ရှိပြီး အထက်၊ အောက်အမြင့်မှာ ရေလမ်းကင်းလွတ် နယ်မြေ ၅ ဒသမ ၅ မီတာရှိမည် ဖြစ်သည်။ တံတားမှာ နှစ်လမ်းသွားဖြစ်ပြီး ယာဉ်သွားလမ်းအကျယ် ၂၃ ပေ ရှိကာ တံတား၏တစ်ဖက်တစ်ချက်စီ၌ လူသွားလမ်းပလက် ဖောင်းများ ၁ ဒသမ ၇၅ မီတာစီ ပါဝင်သည်။ မြို့နယ် နှစ်မြို့နယ်ရှိ ပြည်သူများ အဆင်ပြေစေရန်အတွက် တံတားအပေါ်တွင် အချင်း ၁၈ လက်မရှိသော ရေပိုက် အသစ်နှစ်လုံးကို တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကို ဆက်သွယ်ထည့်သွင်း နိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။
တံတားသစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်ကာ အင်ဂျင်နီယာ ၃ဝ၊ ကျွမ်းကျင်လုပ်သား ၃ဝဝ ခန့်ဖြင့် နေ့၊ ည ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
တံတားတည်ဆောက်ရေးကို တာဝန်ယူခဲ့သူ ဦးညွန့်တင်က ''တံတားတည်ဆောက်ချိန်မှာ မိုးတွင်းကာလ ဖြစ်ခဲ့လို့ အခက်အခဲတော့ရှိခဲ့ပါတယ်၊ မြောက်ဒဂုံမြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ နေကြတဲ့ ပြည်သူတွေက ဘေလီတံတားကို အသုံးပြုပြီး သွားလာနေကြရတာပါ၊ တံတားသစ်ကြီး တည်ဆောက်ပြီးစီးသွားပြီဆိုတော့ တောင် ဒဂုံမြို့နယ်နေပြည်သူတွေ၊ ပင်လုံအိမ်ရာမှာနေတဲ့ ပြည်သူ တွေကပါ ဒီတံတားကနေ လွယ်ကူစွာဖြတ်သန်းသွားလာနိုင် ကြတော့မှာပါ၊ ပြီးတော့ ဘေလီတံတားမှာလည်း ယာဉ် ကြောကျပ်တာ သက်သာသွားမှာဖြစ်ပြီး ပြည်သူတွေ အနေနဲ့လည်း လွယ်ကူစွာဖြတ်သန်းသွားလာနိုင်ကြမှာ ဖြစ်ပါတယ်''ဟု ပြောသည်။
ယခုအခါ ငမိုးရိပ်(သစ္စာလမ်း) တံတားသစ်ပေါ်၌ ပြည်သူများဖြတ်သန်းသွားလာနေကြပြီဖြစ်ကာ အဆိုပါ တံတားသစ်ကို ဧပြီလပိုင်းက စတင်တည်ဆောက်ခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင် အပြီးသတ်တည်ဆောက်နိုင်ခဲ့ ခြင်းဖြစ်သည်။
ပွင့်သစ္စာ

No comments:

Post a Comment