Monday, November 27, 2017

ဘာလီကျွန်း၌ မီးတောင်ပြာမှုန့်များမှုတ်ထုတ်၊ လေယာဉ်များ ဖြတ်ကျော်ပျံသန်းခြင်းမပြုရန် သတိပေး

Image may contain: sky, cloud, mountain, outdoor and nature
ဒန်ပါဆာ နိုဝင်ဘာ ၂၆
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ မောင့်အက်ဂွန်အမည်ရှိ မီးတောင်ပေါက်ကွဲမှုနှင့်အတူ မီးတောင် ပြာမှုန့်များနှင့် အခိုးအငွေ့များကို မှုတ်ထုတ်လျက်ရှိရာ ခရီးသည်တင်လေယာဉ်များ မီးတောင် အနီးတစ်ဝိုက် နယ်မြေဝေဟင်အတွင်းသို့ ဝင်ရောက်ခြင်းမပြုလုပ်ကြရန် အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။
နာမည်ကျော် အပန်းဖြေစခန်းတည်ရှိရာ ဘာလီကျွန်းတွင် မောင့်အက်ဂွန်မီးတောင်က ပြာမှုန့်များနှင့် အခိုးအငွေ့များကို မီးတောင်အထက် ဝေဟင်အတွင်းသို့ မီတာ ၆ဝဝဝ ကျော် အမြင့်အထိ မှုတ်ထုတ်လျက်ရှိသဖြင့် ခရီးသည်တင်လေယာဉ်များ မီးတောင်ဇုန်အတွင်းသို့ ဝင်ရောက် ပျံသန်းခြင်း မပြုလုပ်ကြရန် သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း မီးတောင်ဗေဒနှင့် ဘူမိဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ်လျှော့ချရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဂက်ဆူ အဝန်တီကာက ပြောကြားသည်။
ဘာလီကျွန်း၏ အရှေ့မြောက်ဘက်ရှိ အဆိုပါမီးတောင်က မှုတ်ထုတ်လိုက်သော ပြာမှုန့်များ သည် လမ်းများ၊ မော်တော်ကားများနှင့် အဆောက်အအုံများအပေါ်သို့ လွင့်မျောကျရောက်ခဲ့သည်။ နိုဝင်ဘာ ၂၅ ရက် ညတွင် မီးတောင်မှ ကျောက်ရည်ပူများ စီးကျလာပုံကို နိုင်ငံပိုင် အင်တာရာ သတင်းဌာနက ဓာတ်ပုံရိုက်ကူးကာ မှတ်တမ်းတင်နိုင်ခဲ့သည်။ မောင့်အက်ဂွန်မီးတောင်၏ လှုပ်ရှားမှု မှာ ပြင်းထန်သောပေါက်ကွဲမှုအဆင့်သို့ ရောက်ရှိလာနိုင်ဖွယ် ရှိ၊ မရှိ မိမိတို့ သတိဝီရိယဖြင့် လေ့လာစောင့်ကြည့်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
သာယာလှပသော ပင်လယ်ငွေသောင်ယံနှင့် ဗိသုကာလက်ရာမြောက် ဘုရားကျောင်းများ တည်ရှိရာ ဘာလီကျွန်းသို့ လွန်ခဲ့သည့်နှစ်က ကမ္ဘာလှည့်ခရီးသည် ငါးသန်းခန့် လာရောက်လည်ပတ် ခဲ့သည်။ သို့ရာတွင် မောင့်အက်ဂွန်မီးတောင်သည် စက်တင်ဘာလတွင် စတင်လှုပ်ရှားလာခဲ့သဖြင့် ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ကျဆင်းခဲ့ရသည်။
ရိုက်တာ

No comments:

Post a Comment