Wednesday, November 29, 2017

မွန်တဲလားကို ထုတ်ပယ်ပြီး ဂတ်တူဆိုကို နည်းပြသစ်အဖြစ် အေစီမီလန် ခန့်အပ်

Image may contain: 1 person, closeup
အေစီမီလန်အသင်းသည် မွန်တဲလား ကို ထုတ်ပယ်ပြီး ကွင်းလယ်လူဟောင်း ဂတ်တူဆိုကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြသည်။ အေစီ မီလန်အသင်းသည် နောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် ကိုးပွဲတွင် နှစ်ပွဲသာ အနိုင်ရခဲ့ပြီးနောက် ဦးဆောင်သူ နာပိုလီနှင့် ၁၈ မှတ်အထိ ကွာဟ သွားခဲ့ပြီး ရမှတ် ၂ဝ ဖြင့် အမှတ်ပေး ဇယား အဆင့် ၇ နေရာတွင်သာ ရပ်တည်နေသည်။ အေစီမီလန်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့ သည့် ပွဲတွင် တိုရီနိုအသင်းကို အိမ် ကွင်းတွင် ဂိုးမရှိ သရေသာ ကစားနိုင် ခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီ ၁၄ ပွဲအပြီးတွင် ခုနစ်ပွဲအထိ ရှုံးပွဲ ကြုံခဲ့ရသည်။
ဂတ်တူဆိုသည် အေစီမီလန် ကွင်းလယ်လူဟောင်းဖြစ်ပြီး လူငယ် အသင်းကို ကိုင်တွယ်နေရာမှ ယခုလို အသင်းကြီးကို တာဝန်ယူရန် ခန့်အပ် ခံရခြင်းမှာ မန်နေဂျာဘဝ နောက်ထပ် ခြေလှမ်းတစ်ရပ် ထပ်တိုးလှမ်းနိုင်ခြင်း လည်း ဖြစ်သည်။ အသက် ၃၉ နှစ် အရွယ် ဂတ်တူဆိုသည် အေစီမီလန် အသင်းအတွက် ၁၉၉၉ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အတွင်း ကစားခဲ့ပြီး စီးရီးအေနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ရရှိခဲ့သည်။ နိုဝင်ဘာ ၂၈ ရက် မွန်တဲလားအသင်း လေ့ကျင့်ရေးကွင်းအတွင်းရှိနေစဉ် သတင်းစာရှင်းလင်းပွဲတွင် ဂတ်တူဆို ကို မြင်တွေ့ခဲ့ရပြီးနောက် မွန်တဲလား ကိုထုတ်ပယ်ကာ ဂတ်တူဆိုကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အေစီ မီလန်အသင်းက ကြေညာခဲ့ခြင်း ဖြစ်သည်။
အေစီမီလန် အသင်းသည် အမှတ်ပေးချန်ပီယံ ၁၈ ကြိမ်၊ ချန်ပီယံ လိဂ် ခုနစ်ကြိမ် ရယူနိုင်ခဲ့သည့် အစဉ်အလာကြီးမားသည့် အသင်းဖြစ် သော်လည်း ၂ဝ၁၃ ခုနှစ်ကတည်းက ထိပ်ဆုံးသုံးနေရာအတွင်း ဝင်ရောက် ခြင်းမရှိခဲ့ပေ။ ပြီးခဲ့သည့်နှစ် ဧပြီလ တွင် အေစီမီလန်အသင်းကို တရုတ် လုပ်ငန်းရှင် လီယောင်ဟောင် ဝယ်ယူ ခဲ့ပြီးနောက် အပြောင်းအရွှေ့အတွက် ပေါင် ၂ဝ၅ သန်း အသုံးပြုခဲ့ပြီး ဖြစ်သည်။ အေစီမီလန်အသင်း၏ ထုတ်ပြန်ချက်တွင် ''ကျွန်တော်တို့ အနေနဲ့ မစ္စတာ မွန်တဲလားနဲ့ သူ့ရဲ့ ဝန်ထမ်းတွေရဲ့ ကြိုးစားဆောင်ရွက်ခဲ့မှု အပေါ် ကျေးဇူးတင်ပါတယ်''ဟု ဖော်ပြပါရှိသည်။
မေလဲ့သင်း

No comments:

Post a Comment