Wednesday, November 29, 2017

ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် ပုဏ္ဏကျွန်း-ရသေ့တောင်-ဘူးသီးတောင်လမ်းမှ စိုင်းဒင်တံတား မတ်လတွင် ပြီးစီးမည်

Image may contain: sky, ocean, outdoor, water and nature
မောင်တော နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် လမ်း၊ တံတားများကို ဆောက် လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနအနေဖြင့် စီမံချက်ချ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာ ပုဏ္ဏား ကျွန်းမြို့နယ်မှ ဘူးသီးတောင်မြို့သို့ ဥဒဟို ကူးလူးသွားလာ နိုင်ရန် ရည်ရွယ်တည်ဆောက်လျက်ရှိသော ပုဏ္ဏားကျွန်း- ရသေ့တောင်-ဘူးသီးတောင်လမ်းပိုင်းမှ စိုင်းဒင်တံတား သည် ယခုအခါ ရာခိုင်နှုန်းတစ်ဝက်မျှ ပြီးစီးနေပြီဖြစ်၍ လာမည့်မတ်လတွင်အပြီးသတ်နိုင်ရန် လျာထားဆောင် ရွက်လျက်ရှိကြောင်း လမ်းတံတားဦးစီးဌာနမှ သိရသည်။
အဆိုပါ စိုင်းဒင်တံတား တည်ဆောက်မှုလုပ်ငန်းကို ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့ခြင်းဖြစ် သည်။ နှစ်လမ်းသွား ကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် ပေ ၆ဝဝ၊ ရေလမ်းကင်းလွတ်အမြင့် ကိုးပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေရှိကာ လတ်တလော သတ်မှတ်လျာထားကာလအတွင်း ပြီးစီးနိုင်ရန် လုပ်သား အင်အား ၁၅ဝ ဝန်းကျင်ဖြင့် နေ့စဉ်အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။
''စိုင်းဒင်တံတားကို မိုးမကျမီ ပွင့်လင်းရာသီအကုန် မတ်လလောက် ပြီးစီးဖို့လျာထားပါတယ်၊ လမ်းပေါက် သွားမယ်ဆို ဒီဒေသလမ်းတစ်လျှောက် ဖွံ့ဖြိုးမှုက သိသိ သာသာတိုးတက်သွားမှာပါ၊ အရင်ကဆို ဒီဒေသပြည်သူ တွေအနေနဲ့ ရေလမ်း ကိုပဲ အားကိုးပြီး အသုံးပြုသွားလာနေခဲ့ရတာ။ ဒီ ပုဏ္ဏကျွန်း- ရသေ့တောင်- ဘူးသီး တောင်လမ်းဖောက်လုပ်ပြီးသွားရင် ဒီဒေသဖွံ့ဖြိုးမှုက သိသိသာသာတိုးတက် သွားမှာ ပါ။ ဒေသတစ်ခု ဖွံ့ဖြိုးဖို့ အဓိကအရေးကြီးဆုံးက လမ်းပန်းဆက်သွယ်ရေးပါပဲ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦးက ပြောသည်။
ယခုအကောင်အထည်ဖော်တည်ဆောက်နေသော စိုင်းဒင်တံတားနှင့်အတူ ပုဏ္ဏကျွန်း - ရသေ့ တောင်- ဘူးသီးတောင် လမ်းကြောင်းပေါ်၌ ရသေ့တောင်တံတား၊ သောင်းတံတား၊ ငစံပေါ်တံတားနှင့် ရွာဟောင်းတံတား ငါးစင်းတို့ကို တစ်ပြိုင်နက်တည်း ဆောက်လုပ်လျက်ရှိသည်။ ၎င်းတံတား ငါးစင်းလုံးအား ယခု နှစ်ဘတ်ဂျက်အကုန် မတ်လတွင် တစ်ပြိုင်နက်တည်း ပြီးစီးစေရန်နှင့် မိုးမကျမီ အဆိုပါ လမ်းပိုင်းအား ဖွင့်လှစ်သွားရန် လျာထားဆောင်ရွက်လျက်ရှိသည်။ ယင်းလမ်းပိုင်းတွင် တံတား ငါးစင်းအနက် စိုင်းဒင်တံတား တည်ဆောက်မှုကုန်ကျစရိတ်မှာ ကျပ်သန်း ၂၇၃ဝ ခန့်မှန်းလျားထားကြောင်း တံတား ဦးစီးဌာနမှ သိရသည်။
“ကျွန်မတို့ ခုဘူးသီးတောင်ကို သွားလာကူးလူးနေရတာက ရေလမ်းကြောင်းက နေ သွားနေရတာပါ။ ရေလမ်းခရီးဆိုတော့ အချိန်ပြည့် သွားလာလို့ အဆင်မပြေပါဘူး။ အခုလို ကုန်းလမ်းခရီး ပေါက်သွားမယ်ဆိုရင် ကျွန်မတို့ကျေးရွာပြည်သူတွေအနေနဲ့ အတော်လေးကို အဆင်ပြေသွားမှာပါ။ ခုဆိုရင် ကောက်ပဲသီးနှံသွားရောင်းရတာ ပဲဖြစ် ဖြစ်၊ ဝယ်စရာတစ်ခုခုရှိရင်ပဲ ဖြစ်ဖြစ် ရေလမ်းခရီးကနေ သွားလာနေရတော့ အတော် လေးအခက် အခဲဖြစ်ပါတယ်၊ ဒါကြောင့် ဒီလမ်းကြောင်း ဖောက်လုပ်ပေးတဲ့ တာဝန်ရှိ သူတွေကို ကျေးလက်နေပြည်သူတစ် ဦးအနေနဲ့ အလွန်ပဲ ကျေးဇူးတင်ပါတယ်” ဟု စိုင်းဒင်ချောင်းတစ်ဖက်ကမ်း ဖုန်ညိုလိတ်ကျေး ရွာ၌ နေထိုင်သည့် ဒေသခံတိုင်းရင်းသူ ဒေါ်ပုမညိုက ပြောသည်။
လမ်းတံတားဦးစီးဌာနမှ ဆောက်လုပ်ပေးလျက်ရှိသော အဆိုပါ ပုဏ္ဏကျွန်း- ရသေ့တောင်- ဘူးသီးတောင် လမ်းပိုင်းသည် ပုဏ္ဏားကျွန်းမှ ရသေ့တောင်မြို့နယ်အထိ ၂၂ မိုင်၊ ရသေ့တောင်မှ ဘူးသီးတောင်မြို့အထိ ၃၄ မိုင် စုစုပေါင်း ၅၆ မိုင် ရှည်လျားကြောင်း သိရသည်။
သတင်းအဖွဲ့
ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment